December 8, 2014

သီလဝါ အထူးစီးပွားရေးဇုန်တွင် အမှန်တကယ် လုပ်ကိုင်ရေးစာချုပ် ချုပ်ဆိုပြီး ကုမ္ပဏီ ၂၈ ခုရှိလာ

သီလဝါ အထူးစီးပွားရေးဇုန်၏ မြေဟက်တာ ၄၀၀ ပထမစီမံကိန်းမှ လုပ်ငန်းအချို့မှာ ၂၀၁၅ ခုနှစ် နှစ်ဝက်ပိုင်းတွင် လုပ်ငန်းစတင် လည်ပတ်နိုင်တော့မည်ဟု ၎င်းစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ တွဲဖက် အတွင်းရေးမှူး ဒေါက်တာသန်းသန်းသွယ်က မဇ္ဈိမကို ပြောသည်။
Thilawa-1
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
သီလဝါ မြေဟက်တာ ၄၀၀ စီမံကိန်း၌ ပထမအပိုင်းဖြစ်သည့် မြေ ၁၈၉ ဟက်တာကို အခြေခံအဆောက် အအုံ တည်ဆောက်မှုများ ပြီးစီးပြီဖြစ်၍ ၂၀၀ ကျော်ကို ဆက်လက်တည်ဆောက်လျက်ရှိသည်။ အလားတူ လုပ်ငန်းအချို့က စက်ရုံတည်ဆောက်ရေး လုပ်ငန်းများကို ၀င်ရောက်လုပ်ကိုင်နေလျက်ရှိရာ လာမည့်နှစ် ၀က်တွင် လည်ပတ်မှုကို စတင်နိုင်မည်ဖြစ်သည်ဟု ဆိုသည်။
“ပထမစီမံကိန်းဖြစ်တဲ့ မြေဟက်တာ ၄၀၀ အနေနဲ့ဆိုရင် စက်ရုံတချို့က လာမယ့် ၂၀၁၅ သြဂုတ်၊ စက်တင် ဘာလလောက်မှာ လည်ပတ်နိုင်တော့မှာပါ။ အခုတောင် တချို့လုပ်ငန်းတွေ တည်ဆောက်မှုအပိုင်းမှာ တော်တော်ခရီးရောက်နေပါပြီ”ဟု ၎င်းက ပြောသည်။
မြေဟက်တာ ၄၀၀ စီမံကိန်းတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရေးအတွက် လက်ရှိအချိန်အထိ ပြည် တွင်း၊ ပြည်ပလုပ်ငန်း ၂၈ ခုက သဘောတူညီမှုလက်မှတ်ရေးထိုးထားသည်ဟု ဆိုသည်။ ယင်းအနက် လုပ်ငန်းရှစ်ခုမှာ တည်ဆောက်ရေးလုပ်ငန်းများကို ၀င်ရောက်လုပ်ကိုင်နေခြင်းဖြစ်သည်ဟု မြန်မာ သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီလီမိတက် MTSH ဥက္ကဋ္ဌ ဦးဝင်းအောင်က မီဒီယာများကို ပြောသည်။
“စက်ရုံဆောက်နေတဲ့ လုပ်ငန်းထဲမှာဆို အမေရိကန်က ပုလင်းထုတ်တဲ့ Ball ကုမ္ပဏီ ပါတယ်။ ဂျပန်ကုမ္ပဏီ ခြောက်ခုပါတယ်”ဟု ၎င်းက ဆိုသည်။
စာချုပ် ချုပ်ဆိုထားပြီး ကုမ္ပဏီများတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီကိုးခု၊ ထိုင်ဝမ်ကုမ္ပဏီ လေးခု၊ ထိုင်းကုမ္ပဏီ သုံးခုနှင့် တရုတ်၊ ဆွီဒင်၊ အမေရိကန်၊ ဟောင်ကောင်နှင့် သြစတြေးလျနိုင်ငံတို့မှ ကုမ္ပဏီများပါဝင်သည်ဟု ဦးဝင်းအောင်က ပြောသည်။
အဆိုပါကုမ္ပဏီများအနက် အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖြစ်သော Ball က ကန်ဒေါ်လာ သန်း ၄၀ နှင့် ထိုင်း နိုင်ငံမှ သံမဏိပစ္စည်းများနှင့် စက်ရုံ၊ ဆောက်လုပ်ရေးသုံး ကွန်ကရစ် ပစ္စည်းများ ထုတ်လုပ်မည့်  Millicon ကုမ္ပဏီက ကန်ဒေါ်လာ ၆၅ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
သီလ၀ါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံခွင့်မပြုသော လုပ်ငန်းအမျိုးအစား ကိုးမျိုးကို ထုတ်ပြန်ထားပြီး ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို အန္တရာယ်ဖြစ်စေသောလုပ်ငန်းများ၊ အများပြည်သူ ကျန်း မာရေးကို ထိခိုက်စေနိုင်သော လုပ်ငန်းများ စသည်တို့ပါဝင်သည်။
http://www.mizzimaburmese.com/2013-10-20-16-07-17/item/34174-2014-12-06-14-27-51

No comments:

Post a Comment