
မည်သည့် အုပ်ချုပ်ရေး ဖြစ်ဖြစ် တရားဥပဒေ စိုးမိုးရေးကို ဖယ်ရှား၍ မရဘဲ တရား ဥပဒေဘောင် အတွင်း ကသာ လုပ်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်သည်။ ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး အပြီးတွင် လောက်ကိုင်တွင် စစ်အုပ်ချုပ်ရေး ကြေညာ လိုက်ခြင်းနှင့် ပတ်သက်၍ မီဒီယာ များက မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ စစ်ရေးအရ လိုအပ်လို့ လုပ်တယ်လို့ ဒီလိုပဲ နားလည်တယ်၊ ဘာပဲပြောပြော ကာကွယ် စောင့်ရှောက်ဖို့ ကတော့ တပ်မတော်ရဲ့ တာဝန်ပေါ့လေ၊ ဘယ်လို အုပ်ချုပ်ရေးမျိုးပဲ ဖြစ်ဖြစ် တရားဥပဒေ စိုးမိုးရေး ကိုတော့ ဖယ်ရှားလို့တော့ ဘယ်ရမလဲ၊ တရား ဥပဒေဘောင် အတွင်းကပဲ လုပ်ရမှာပါ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့် (၁/၂၀၁၅) ဖြင့် အရေးပေါ် အခြေအနေ ကြေညာ ထားသည့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် မူအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေ ခြင်းငှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မ (ခ) အရ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန် လိုက်ကြောင်း သမ္မတရုံးမှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ (၁၇) ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ကျွန်တော်တို့ ကိုးကန့် တိုင်းရင်းသားတွေက အားလုံး စုစုစည်းစည်းနဲ့ တပ်မတော်နဲ့ ပူးပေါင်းပြီးမှ လုပ်သွားမှ သာလျှင် ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် ပြန်တည်ဆောက် နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒေသ အုပ်ချုပ်ရေး အဖွဲ့ နဲ့ တပ်မတော်နဲ့ ပူးပေါင်း ဆောင်ရွက်သွား မှသာ ရက်ပေါင်း ကိုးဆယ် အတွင်းမှာ ဒေသ တည်ငြိမ် အေးချမ်းရေးကို အကောင်းဆုံး ရရှိနိုင်မယ်လို့ ယုံကြည် ပါတယ်၊ စစ် အုပ်ချုပ်ရေးကို ကျွန်တော် ထောက်ခံပါတယ် ဟု ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ လောက်ကိုင်ဒေသ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင် ကပြောသည်။
လောက်ကိုင်ဒေသ ပြန်လည် ထူထောင်ရေး အတွက် ကိုလည်း ရန်ကုန်၊ မန္တလေး၊ လားရှိုးမြို့တွင် ရှိသော လုပ်ငန်းရှင်များ အကုန်လုံး ကို ကမ်းလှမ်း ထားပြီး၊ ပြန်လည် ထူထောင်ရေးကို စတင်နေပြီ ဖြစ်ကြောင်း၊ ထို့ပြင် ကိုးကန့် လုပ်ငန်းရှင်များ၊ယဉ်ကျေးမှု အဖွဲ့အစည်းဝင်များ အားလုံးကို စုစည်းကာ ဖောင်ဒေးရှင်း တစ်ခုကို ထူထောင်ရန် အစီအစဉ် ရှိကြောင်း ဦးကျော်နီနိုင်က ဆက်ပြောသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=32113
No comments:
Post a Comment