ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် အနီးတွင် မြို့ပြ ဖွံ့ဖြိုးရေးနှင့်
အခြေခံ အဆာက်အအုံ ဖွံ့ဖြိုးရေး စီမံကိန်း တစ်ခုအား အကောင်အထည်ဖော်
ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှ သိရသည်။
ဒီလေဆိပ်က ဆင်းလာမယ့် ခရီးသည်တွေ အတွက်ရယ်၊ လမ်းပန်း ဆက်သွယ်ရေး
ကောင်းမွန်ဖို့ အတွက်ရယ်၊ စီမံကိန်းကို အကောင် အထည်ဖော်ဖို့ စီစဉ် ထားတာ
ဖြစ်တယ်။ အချိန်ကတော့ အတိအကျ မပြောနိုင် သေးဘူး ဟု ရန်ကုန်တိုင်းဒေသကြီး
အစိုးရ အဖွဲ့ရုံးမှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။ အဆိုပါ စီမံကိန်းတွင် အခြေခံ
အဆောက်အအုံများ တည်ဆောက်ခြင်း၊ တံတားများ တည်ဆောက်ခြင်း၊ လမ်းပန်း
ဆက်သွယ်ရေး လုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ရထားလမ်းများ ဖောက်လုပ်ခြင်း စသည်
တို့ကို အကောင်အထည်ဖော်ရန် စီစဉ်ပေး ထားကြောင်း သိရသည်။
ယင်းစီမံကိန်း များအား ဂျပန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ
(JICA) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ ပူးပေါင်းကာ
ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ လေဆိပ်က ဒီနှစ်ထဲမှာ ဆောက်ဖို့
တွန်းအားပေး ဆောင်ရွက် နေတယ်။ ဒီလေဆိပ်က နောက်ပိုင်းဆို နိုင်ငံတကာရဲ့ အဓိက
ဝင်ပေါက်အဖြစ် အသုံးပြုသွား မှာပါ ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ဆိုသည်။
သို့ဖြစ်၍ ဤစီမံကိန်းသည် လာရောက်သည့် ပြည်ပ ခရီးသည်များ အတွက်
သွားလာရေးနှင့် နေထိုင် တည်းခိုရေးတို့ အတွက်ပါ အဆင်ပြေ လွယ်ကူစေမည်
ဖြစ်ပြီး လေဆိပ်သစ်ကိုမူ စင်ကာပူ အခြေစိုက် Yangon CAPE - JGC- Consortium
ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ ဟံသာဝတီ
အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ရန်ကုန်မြို့နှင့် မိုင်ငါးဆယ်ကျော် ကွာဝေးပြီး
ပဲခူးတိုင်းဒေသကြီး အတွင်း တည်ရှိကာ လေဆိပ်အား ၂၀၁၉ခုနှစ်တွင် အပြီးသတ်
ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာနထံမှ သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=32221
No comments:
Post a Comment