ရန်ကုန်မြို့တော် စည်ပင်ခွင့်ပြုချက်နှင့် ကိုက်ညီခြင်း မရှိသော အဆောက်အအုံများကို တရားစွဲ အရေးယူလျက်ရှိရာ ယခုနှစ် ၁၀ လတာ ကာလအတွင်း အဆောက်အအုံပေါင်း ၁၉၀၀ ခန့်ကို တရားစွဲဆိုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“ခွင့်ပြုချက်မဲ့ ဆောက်လုပ်တာ ဆိုရင်တော့ အဆောက်အအုံတွေကို ဖြိုဖျက် အရေးယူနိုင်ပါတယ်။ မြေပိုင်ရှင်တွေ ဘက်ကလည်း သတိထားသင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အဆောက်အအုံကို ဖြိုဖျက်ခြင်း မဟုတ်ဘဲ ဌာနအနေနှင့် ဖြိုဖျက်ရန် အမိန့်စာ ထုတ်ပြန်ပေးပြီး ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည့် အင်ဂျင်နီယာကို လိုင်စင်ပိတ်သိမ်းကာ အရေးယူကြောင်း၊ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၈၀၀ ကျော်ကို မြောက်ပိုင်းခရိုင်တွင် အများဆုံး တွေ့ရှိရပြီး အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်တွင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၇၀၀ ခန့် ရှိကြောင်း၊ ရန်ကုန်မြို့တော်၌ လစဉ် အဆောက်အအုံ ၆ လုံးခန့် ဖြိုဖျက် အရေးယူလျက် ရှိကြောင်း စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ စုံစမ်းသိရှိရသည်။
“တချို့တွေကျတော့ လူနေခွင့်မကျဘဲ နေတာမျိုးတွေကြောင့် တရားစွဲခံရတာတွေလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စည်ပင်ကလည်း ဆောက်လုပ်ခွင့်တွေ၊ နေထိုင်ခွင့်တွေ မြန်မြန်ဆန်ဆန် လုပ်ပေးရင် လွယ်သွားမှာပါ” ဟု မင်းသီဟ ဆောက်လုပ်ရေးလုပ်ငန်းမှ မန်နေဂျာ ဦးသီဟက ပြောကြားသည်။
http://www.thevoicemyanmar.com/index.php/news/item/4022-spk
No comments:
Post a Comment