မူပိုင်ခွင့် အားနည်းချက်များကြောင့် မျိုးရင်းဆုံးရှုံးမှုများ ရှိနေရာ ပြည်ပဈေးကွက် ရရှိလာသည့် စိန်တစ်လုံး သရက်သီးကို မြန်မာ့မျိုးရင်း ဖြစ်ကြောင်း မူပိုင်ခွင့် မှတ်ပုံတင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သရက်အစုအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောကြားသည်။
စိန်တစ်လုံးသရက်ကို နိုင်ငံတကာ အလယ်တွင် မြန်မာ့မျိုးရင်း ဖြစ်ကြောင်း မူပိုင်ခွင့်အတွက် မှတ်ပုံတင်ခြင်းကို သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် KIPA (Korea Invention Promotion Association) တို့ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ပြီးခဲ့သည့် နှစ်အတွင်း ဂျပန်နိုင်ငံက သနပ်ခါးကို မူပိုင်ခွင့်တင်ရာတွင် မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်အချို့က ကန့်ကွက်မှုများ လုပ်ဆောင်ခဲ့ရကာ စိန်တစ်လုံးသရက်ကိုလည်း ယင်းသို့ မဖြစ်စေရန် ကြိုတင်မူပိုင်ခွင့် တင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
စိန်တစ်လုံးသရက်ကို မြန်မာအမည်ဖြင့် မှတ်ပုံတင်ရန်နှင့် ကိုယ်စားပြု အမှတ်တံဆိပ် ရွေးချယ်ခြင်းတို့နှင့် ပတ်သက်၍ ဒီဇင်ဘာလတွင် စာတမ်းတစ်စောင် ဖတ်ကြားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သရက်အစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရာသီဥတု ဖောက်ပြန်လာမှုများကြောင့် လယ်ယာသီးနှံများ စိုက်ပျိုးဖြစ်ထွန်းမှု အားနည်းလာသည့်အတွက် လေးနှစ်သက်တမ်းဖြင့် ရောင်းတမ်းဝင်ရသည့် စိန်တစ်လုံးသရက်ကို စိုက်ပျိုးလာကြကြောင်း စိန်တစ်လုံး အဓိကထွက်ရှိရာ ကျောက်ဆည်မြို့နယ် ဟန်မြင့်မိုရ်ကျေးရွာ ဒေသခံ တောင်သူ ဦးမောင်အေးက ပြောကြားသည်။
မြန်မာနိုင်ငံ အထက်ပိုင်းတွင် အဓိက ထွက်ရှိသည့် စိန်တစ်လုံး သရက်သီးကို စင်ကာပူ ဈေးကွက်အပြင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ အဓိက တင်ပို့ရောင်းချပြီး ကိုရီးယား၊ ဘရူနိုင်းနိုင်ငံများမှလည်း အမှာစာများ ရောက်ရှိလာပြီ ဖြစ်သဖြင့် လာမည့် သရက်သီးရာသီတွင် တင်ပို့ရောင်းချရမည် ဖြစ်ကာ ဥရောပနိုင်ငံ အချို့မှလည်း မြန်မာ့စိန်တစ်လုံးသရက် ဝယ်ယူရန် စိတ်ဝင်စားသဖြင့် လာရောက် လေ့လာဆွေးနွေးမှုများ ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး သရက်အစု အဖွဲ့ထံမှ သိရသည်။
ပြည်ပသို့ ၂၀၁၃ ခုနှစ်တွင် သရက်တန်ချိန် တစ်သိန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ရာသီဥတုကြောင့် ထွက်နှုန်းနည်းခဲ့ရာ တန်ချိန်ရှစ်သောင်း ဝန်းကျင်သာ တင်ပို့နိုင်သေးကြောင်း အဆိုပါအသင်း စာရင်းများအရ သိရသည်။
http://www.thevoicemyanmar.com/index.php/news/item/4232-stl
No comments:
Post a Comment