အောက်တိုဘာလကုန်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဖွင့်လှစ်ခွင့်ပြုထားသည့် ဟိုတယ်အလုံးရေ ၁ဝ၇၆ လုံးထိရှိပြီး အလုံးရေ ၈ဝဝ ကျော်မှာ ရန်ကုန်နှင့် မန္တလေးတို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။
၂ဝ၁၄ ခုနှစ် အောက်တိုဘာလကုန်အထိ စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၇၉ လုံး၊ မန္တလေးတိုင်းဒေသကြီးတွင် ၃၂၉ လုံး၊ ပဲခူးတိုင်းဒေသကြီးတွင် ၄၂ လုံး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၉ လုံး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂ဝ လုံး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၅၄ လုံး၊ မကွေးတိုင်းဒေသကြီးတွင် ၂ဝ လုံး၊ ကချင်ပြည်နယ်တွင် ၂ဝ လုံး၊ ကယားပြည်နယ်တွင်ရှစ်လုံး၊ ကရင်ပြည်နယ်တွင် ကိုးလုံး၊ မွန်ပြည်နယ်တွင် ၃၇ လုံး၊ ရခိုင်ပြည်နယ်တွင် ၃၇ လုံးနှင့် ရှမ်းပြည်နယ်တွင် ၂ဝဝ လုံး စသဖြင့် အသီးသီးဖွင့်လှစ်ခွင့်ပြုထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖွင့်လှစ်ခွင့်ပြုထားသည့် လိုင်စင်ရဟိုတယ်များတွင် အသုံးပြုနိုင်သည့် အခန်းအရေအတွက်မှာ ၄၂ဝ၃၇ ခန်းရှိကြောင်း၊ ၂ဝ၁၃ ခုနှစ်အတွင်း၌မူ လိုင်စင်ရဟိုတယ်အလုံးရေ ၉၂၃ လုံးမှ အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၃၄၈၃၄ ခန်းရှိခြင်းကြောင့် ယခင်နှစ်ကထက် အလုံးရေရော အသုံးပြုနိုင်သည့် အခန်းအရေအတွက်ပါ ပိုများကြောင်း သိရသည်။
ယင်းတို့အနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ဟိုတယ်အလုံးရေ ၃၁ လုံးပါဝင်ပြီး ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ကော့သောင်း၊ တာချီလိတ်နှင့် မြိတ်ဒေသတို့တွင် ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသည် တစ်နိုင်ငံလုံးရှိ ဟိုတယ်များကို လိုင်စင်ချထားပေးရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ်၊ ပြည်ပနှင့်ဖက်စပ်ဟိုတယ်၊ ဌာနပိုင်ငှားရမ်းဟိုတယ်နှင့် ပြည်တွင်းဟိုတယ်ဟူ၍ အမျိုးအစားများ ခွဲခြားထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် နိုင်ငံသားလုပ်ငန်းရှင်များအပြင် နိုင်ငံခြားလုပ်ငန်းရှင်များက ဆက်တိုက်နီးပါး ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်လျက်ရှိပြီး ၂ဝ၁၄ ခုနှစ် ဇူလိုင်လကုန်အထိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် နိုင်ငံသားလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၆၆၇ ဘီလျံကျော်ရှိပြီး ၂ဝ၁၄ ခုနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံခြားလုပ်ငန်းရှင်များ၏ ဝင်ရောက်မြှုပ်နှံမှုပမာဏမှာ ဒေါ်လာနှစ်ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် ကော်မရှင်အစည်းအဝေး၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ငွေဆောင်မြို့နယ်၊ ဟိုတယ်ဇုန်အမှတ် ၃ ရပ်ကွက်၊ ကျောက်ကြီးပြင်ကွင်း၊ မြေကွက်အမှတ် ၁၉ ရှိ မြေ ၄၅ ဒသမ ၉၅ ဧကပေါ်တွင် BOT စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရန် နိုင်ငံသားကုမ္ပဏီတစ်ခုဖြစ်သည့် Know The Truth Group Co., Ltd ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ဂန့်ဂေါကျေးရွာအုပ်စု ဟိုတယ်ဇုန် ၄ တွင် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် နိုင်ငံသားကုမ္ပဏီတစ်ခုဖြစ်သည့် Imperial Place Hotel Co.,Ltd ကိုလည်းကောင်း လုပ်ကိုင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
http://www.news-eleven.com/business/%E1%80%B1%E1%80%A1%E1%80%AC%E1%80%80%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%80%98%E1%80%AC%E1%80%9C%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%A1%E1%80%91%E1%80%AD-%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%94%E1%80%9A%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%B9-%E1%80%96%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%9C%E1%80%BD%E1%80%85%E1%80%B9%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%BB%E1%80%95%E1%80%B3%E1%80%91%E1%80%AC%E1%80%B8%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-%E1%80%9F%E1%80%AF%E1%80%AD%E1%80%90%E1%80%9A%E1%80%B9-%E1%81%81%E1%81%80%E1%81%87%E1%81%86
No comments:
Post a Comment