မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ပြည်ပနိုင်ငံများက လာရောက်မြှုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာနှစ်ဘီလျံကျော်ရှိပြီး လိုင်စင်ရှိ ဟိုတယ်အလုံးရေပေါင်း ၃၁ လုံးအထိရှိလာကြောင်း သိရသည်။
နေရာဒေသအားဖြင့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ကော့သောင်း၊ တာချီလိတ်နှင့် မြိတ်ဒေသတို့တွင် မြှုပ်နှံတည်ဆောက်ထားခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်တွင် လိုင်စင်ရှိ ဟိုတယ်အလုံးရေ ၂ဝ ရှိပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၃ဝ၄၇ ခန်း၊ မန္တလေးတွင် လိုင်စင်ရှိဟိုတယ်အလုံးရေ လေးလုံးရှိပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၆၆၁ ခန်း၊ ပုဂံတွင်လိုင်စင်ရှိ ဟိုတယ်တစ်လုံးရှိပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၁၂၇ ခန်း၊ ကော့သောင်းတွင် လိုင်စင်ရှိဟိုတယ် နှစ်လုံးရှိပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၂၅၂ ခန်း၊ တာချီလိတ်တွင် FDI ဟိုတယ်အလုံးရေ သုံးလုံးရှိပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၂၉၁ ခန်းနှင့် မြိတ်တွင် လိုင်စင်ရှိဟိုတယ် တစ်လုံးရှိပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၄ဝ ခန်းရှိကြောင်း သိရသည်။
သို့ဖြစ်၍ ဒေသခြောက်ခုတွင် လိုင်စင်ရှိဟိုတယ် အလုံးရေပေါင်း ၃၁ လုံးရှိပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၄၄၁၇ ခန်းရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ပြည်ပနိုင်ငံများက ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်လျက်ရှိပြီး အများအားဖြင့် ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းပိုင်းတွင် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရသော် လည်းကောင်း၊ ပြည်တွင်းကုမ္ပဏီများနှင့်ပူးပေါင်း၍ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရသော် လည်းကောင်း မြှုပ်နှံမှုပြုလုပ်ကြကြောင်း သိရသည်။
ပြည်ပနိုင်ငံများက ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းများတွင် ဝင်ရောက်မြှုပ်နှံ လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) တွင် အဆိုပြုလွှာများ တင်ပြကြပြီး MIC က အဆိုပြုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့်ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံ၍ MIC ၏ အစည်းအဝေးများတွင် ခွင့်ပြုမိန့်များ ပြန်လည်ချထားပေးခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ နှစ်စဉ်ခရီးသွားဝင်ငွေ ရရှိမှုမှာ တိုးတက်လျက်ရှိပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ဒေါ်လာ ၂၅၄ သန်း၊ ၂ဝ၁၁ ခုနှစ်တွင် ဒေါ်လာ ၃၁၉ သန်း၊ ၂ဝ၁၂ ခုနှစ်တွင် ဒေါ်လာ ၅၃၄ သန်းနှင့် ၂ဝ၁၃ ခုနှစ်တွင် ဒေါ်လာ ၉၂၆ သန်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည်ဦးရေ နှစ်သန်းကျော်ဝင်ရောက်ခဲ့ပြီး ယခု ၂ဝ၁၄ ခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည်ဦးရေ သုံးသန်းအထိ ဝင်ရောက်မည်ဟု ခန့်မှန်းထားသည့်အတွက် ၂ဝ၁၄ ခုနှစ်တွင်လည်း မြန်မာနိုင်ငံမှရရှိမည့် ခရီးသွားဝင်ငွေမှာ ယခင်နှစ်ကထက် ပိုမိုနိုင်မည်ဖြစ်ကြောင်း သိရသည်။
http://www.news-eleven.com/business/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%81%8F-%E1%80%9F%E1%80%AF%E1%80%AD%E1%80%90%E1%80%9A%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%81%E1%80%9B%E1%80%AE%E1%80%B8%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%E1%80%80%E1%82%91%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%BB%E1%80%81%E1%80%AC%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8%E1%82%8F%E1%80%BD%E1%80%AE%E1%80%B8%E1%80%BB%E1%80%99%E1%82%87%E1%80%B3%E1%80%95%E1%80%B9%E1%82%8F%E1%80%BD%E1%80%B6%E1%80%99%E1%82%88%E1%80%95%E1%80%99%E1%80%AC%E1%80%8F
No comments:
Post a Comment