November 27, 2014

အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လာမည့် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုမည်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်ကို လာမည့် ၁၂ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးများတွင် အပြီးသတ် တင်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့် အတည်ပြုချက် ရယူဆုံးဖြတ်ခြင်းများ ပြုလုပ်ရန် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်လိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

လာမည့် ၁၂ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးအတွင်း ဥပဒေကြမ်း တင်သွင်း အတည်ပြုနိုင်မှသာ ၂၀၁၅ မတိုင်မီ လူထုဆန္ဒခံယူရေး ကိစ္စများနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး လွှတ်တော် ကျင်းပချိန်တွင် အခြေခံဥပဒေ ပြင်ဆင် အတည်ပြုသည့် လုပ်ငန်းများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ပြင်ဆင် ရေးဆွဲမည့် ဥပဒေကြမ်းကို ဆွေးနွေးခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် ၁၄၀ ဦး၏ တင်ပြချက်များနှင့် အစီရင်ခံစာပါ အကြောင်းအရာများ ထည့်သွင်း၍ ရေးဆွဲရမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆိုသည်။

ဆွေးနွေးခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၆၀ ကျော်က အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပုဒ်မများ အပါအဝင် ပုဒ်မ ၄၃၆ ကို ပြင်ဆင်လိုခြင်း မရှိသောကြောင့် နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်ကို တွေ့ဆုံညှိနှိုင်းမည် ဖြစ်ကြောင်း ၎င်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှု ကော်မတီ၏ အစီရင်ခံစာကို အောက်တိုဘာလ ၂၂ ရက်က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းအစီရင်ခံစာကို ကိုယ်စားလှယ်ပေါင်း ၁၄၀ ဦးက ဆွေးနွေးခဲ့ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ရှင်းပြသည်။

လက်ရှိတွင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အချိန်မီ ပြင်ဆင်နိုင်ရေးအတွက် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီများ ကိုယ်စား တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးတို့ တွေ့ဆုံညှိနှိုင်းရန် ဥပဒေကြမ်း အတည်ပြုရေး ဆုံးဖြတ်ပြီးသည့် အချိန်တွင် လွှတ်တော်က ထပ်မံအတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
http://www.thevoicemyanmar.com/index.php/news/item/4341-akk

No comments:

Post a Comment