အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေးမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး မကျင်းပခင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် အစည်းအဝေး ကျင်းပမည့် ကျောင်းသားများ နိုဝင်ဘာ ၁၁ ရက်က အကြို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
နိုဝင်ဘာ
၁၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ
နာရေးကူညီမှုအသင်းခန်းမတွင် မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂနှင့်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ မင်းကိုနိုင်တို့ တွေ့ဆုံစဉ်။
(ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
နိုဝင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်တွင် ရန်ကုန်၊ နာရေးကူညီမှုအသင်းတွင်
ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အစည်းအဝေးကို
ဦးမင်းကိုနိုင်က မတတ်ရောက်နိုင်သည့် အတွက် ယင်းကဲ့သို့ အကြိုဆွေးနွေးခြင်း
ဖြစ်သည်။အဆိုပါ ဆွေးနွေးပွဲတွင် ဦးမင်းကိုနိုင်က “ကိုယ့်ညီ၊ ညီမတွေ ကျောင်းသားသမဂ္ဂ လုပ်နေခြင်းဟာ ကျောင်းသားလွှတ်တော် လုပ်နေခြင်းလို့
အောက်မေ့ပါ။ ဒီနေ့ ပညာရေးဆိုင်ရာမူဝါဒတွေ အတွက်နဲ့ အမျိုးသားပညာရေး ဥပဒေအကြောင်းကို ဆွေးနွေးကြတော့မယ်ဆိုတာ ဒါကျောင်းသားလွှတ်တော်ပဲ ဘယ်သူတွေ အသိအမှတ်ပြုပြု မပြုပြု ကျောင်းသားလွှတ်တော်ဖြစ်တယ်။ ကျောင်းသား သမဂ္ဂတွေက
ဒေသအလိုက်ဖြစ်ဖြစ်၊ တက္ကသိုလ်အလိုက်ဖြစ်ဖြစ် စနစ်ကျတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့လိုတယ်” ဟု ပြောသည်။
ဦးမင်းကိုနိုင် နိုဝင်ဘာ ၁၂ ရက်ကစပြီး ဥရောပနိုင်ငံများသို့ ခရီးသွားရောက်ရန် ရှိသည့်အတွက် ကြိုတင်တွေ့ဆုံခြင်းဖြစ်ပြီး မိသားစုဆန်ဆန် စကားဝိုင်းဆွေးနွေးခြင်း ဖြစ်သည်ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင်က ပြောသည်။
၎င်းက “သူ့မျိုးဆက်ခေါင်းဆောင်တစ်ယောက်ရဲ့အသံ သူဘာပြောချင်တယ်။ ရှေ့မျိုးဆက်နဲ့ နောက်မျိုးဆက်ရင်ခုံသံ ဖလှယ်တဲ့သဘောပဲ။
မိသားစုဆန်ဆန်စကားဝိုင်းလုပ်တဲ့သဘောပဲ” ဟု ဆိုသည်။
ယခု ဆွေးနွေးပွဲမှ ရလာသည့် အချက်များကိုလည်း ၎င်းသွားရောက်သည့် ခရီးစဉ်အတွင်းတွင် ထည့်သွင်း ဆွေးနွေးသွားမည်ဟုလည်း ဦးမင်းကိုနိုင်က ဆိုသည်။
၎င်းက “ဘူဆွာတော်လှန်းရေး ငွေရတုပွဲ ရှိတယ်။ ဒီကကျောင်းသားတွေရဲ့ အသံ ညီလေးတို့ သဘောထား အသံပေးစရာရှိရင် သယ်သွားပေးမယ်။ ကျောင်းသားတွေရဲ့ အခြေအနေကို ပြန်ပြောပေးတာတော့ လုပ်ပေးလို့ရတယ်။ မြန်မာနိုင်ငံပတ်သက်ပြီး ဘယ်လိုကူညီ ဆောင်ရွက်မှုမျိုးတွေ ပေးရမလဲဆိုတာ မေးခွန်းထုတ်မှာ ဒီကျောင်းသားတွေရဲ့ ပကတိ အနေအထားတွေရယ်။ သဘောထားဆန္ဒတွေရယ်။ ဘယ်လို ပုံဖော်စဉ်းစားထားလဲ ဆိုတာ မျှဝေမယ်” ဟု ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို အာဆီယံအစည်းအဝေးနှင့် တိုက်ဆိုင်နေသည်ဟု ဆိုကာ အာဏာပိုင်များက တားမြစ်ထားပြီး မူလသတ်မှတ်ရာနေရာ ခဝဲခြံတွင် မပြုလုပ်တော့ဘဲ နိုဝင်ဘာ ၁၂ ရက်၊ ၁၃ ရက်တွင် မြောက်ဒဂုံမြို့နယ် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ပြောင်းလဲ ပြုလုပ်သွားမည်ဖြစ်သည်။
အမျိုးသား ပညာရေး ဥပဒေကြမ်းကို ဇူလိုင်လ ၃၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/32233-2014-11-11-18-34-35
No comments:
Post a Comment