တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင်
လောင်းလုံမြို့နယ်၊ သကျက်တောကျေးရွာ အနီး ရမ္မဇူဒေသတွင် တည်ဆောက်ရန်
ရည်ရွယ်ထားသည့် ၅၀၀ မဂ္ဂါဝပ်ထုတ်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး
စက်ရုံစီမံကိန်းကို ဒေသခံများ လက်ခံမည်ဆိုပါက ၂၀၁၅ နှစ်ကုန်ပိုင်းတွင်
စတင်သွားမည်ဟု အဆိုပါ 24 Hour Mining & Industry Company မှ ဥက္ကဋ္ဌ
ဦးအောင်အောင်ဇော်က ပြောသည်။
အဆိုပါစက်ရုံစီမံကိန်းနှင့် ပတ်သက်၍ နိုဝင်ဘာ ၉ ရက်က ပြုလုပ်သည့်
ပထမအကြိမ် ဒေသခံလူထုနှင့် ညှိနှိုင်းတိုင်ပင်မှု အစည်းအဝေးပွဲတွင်
အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒါက ပထမအကြိမ် လူထုတွေ့ဆုံပွဲဆိုတော့ ဒေသခံတွေက သေချာနားမလည်လို့
ကန့်ကွက်တယ်လို့ပဲ ထင်တယ်။ စက်ရုံကို ကိုရီးယားနိုင်ငံရဲ့ နံပတ်တစ် စက်ရုံက
နည်းပညာနဲ့ ဆောက်မှာဆိုတော့ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်အောင်လုပ်သွားမှာ။
ဓါတ်အားကလည်း ပြည်တွင်းမှာပဲ ဖြန့်သွားမှာ။ ဒါ့ကြောင့် ဒေသခံတွေ
ကန့်ကွက်ရင်လည်း သူတို့ကို နားလည်တဲ့အထိ ရှင်းပြပြီး စက်ရုံကို
တည်ဆောက်သွားမယ်” ဟု ကုမ္ပဏီ ဥက္ကဋ္ဌက ပြောသည်။
ထိုဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံ ၁၀၀ကျော်ထဲမှ
သကျက်တောကျေးရွာဒေသခံ ဦးစစ်ထွန်းက လျှပ်စစ်ရရှိရေးနှင့်
လမ်းဖောက်လုပ်ပေးခြင်းမျိုး မလိုအပ်ဘဲ အဆိုပါ စီမံကိန်းမလုပ်ရန်သာလိုသည်ဟု
ပြောကြားလိုက်သည့်အခါတွင် အခြားဒေသခံများက ထောက်ခံပြော ကြားခဲ့ကြသည်။
သကျက်တော ကျေးရွာဒေသခံ ဦးစစ်ထွန်းက “ဒေသခံတွေ အများစုက လက်မခံကြဘူး။
ကျွန်တော် ပြောချင်တာကတော့ ကျောက်မီးသွေးစက်ရုံကြောင့် ဒေသခံတွေ
ကျန်းမာရေးထိခိုက်လာရင် သူတို့ဘာလုပ်ပေးမှာလဲ။ ကျောက်မီးသွေးစက်ရုံဆိုတာက
လုံးဝအပြစ်ကင်းစင်တာ မရှိဘူး။ ထိခိုက်မှုက ရှိတယ်။ သူတို့အနေနဲ့
ဘယ်လိုတာဝန်ခံပေးမှာလဲဆိုတာ အရေးကြီးတယ်” ဟု ပြောသည်။
အဆိုပါ စီမံကိန်းမှာ မြေ ၇၅၉ ဧက ကျယ်ဝန်းသော နေရာတွင် တည်ဆောက်မည်ဖြစ်ပြီး သကျက်တောကျေးရွာ၏ ၅ မိုင်အကွာတွင် တည်ဆောက်ရန် လျာထားသည်။
အဆိုပါ စက်ရုံမှ ၂၅၀ မဂ္ဂါဝပ်ဓါတ်အားပေးစက် နှစ်လုံးဖြင့် နေ့စဉ် ဓါတ်အား
၅၀၀ မဂ္ဂါဝပ်ထုတ် လုပ်မည်ဖြစ်ပြီး အဆိုပါ စီမံကိန်းလုပ်ဆောင်ပြီးစီးပါက
ထိုထဲမှ ထိုဒေသခံများသို့ လစဉ် ယူနစ် ၅၀ စီ အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ပြီး
ယူနစ် ၅၀ ကျော်ပါ အစိုးရဈေးနှုန်းအတိုင်း တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့်
ဖြန့်ဖြူးသွားမည့် အစီအစဉ်ဖြစ်သည်ဟု ကုမ္ပဏီဥက္ကဋ္ဌက ဆိုသည်။
အဆိုပါ စက်ရုံကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ 24 Hour Mining &
Industry Company၊ Truben Investment Co., Ltd. (Korea) နှင့် Global Power
Generating Limited (Singapore) တို့မှ နှစ် ၃၀ စီမံကိန်းနှင့်
အကျိုးတူပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်။
တနသာင်္ရီတိုင်းအစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းဆွေက
“တနသာင်္ရီတိုင်းက မဟာဓါတ်အားလိုင်း မရောက်ဘူး။ နှစ်ပေါင်းများစွာ ဒီဇယ်နဲ့ပဲ
ပေးနေရတာ။ ဈေးနှုန်းကလည်း ၆၀၀/ ၇၀၀ ထိရှိတယ်။ ဒါ့ကြောင့် အခြားဒေသနည်းတူ
ဈေးနှုန်းနဲ့ ဓါတ်အားရရှိဖို့ ကြိုးစားနေတယ်။ စက်ရုံကိုကမ္ဘာ့ဘဏ်ရဲ့
စံချိန်အတိုင်း စိစစ်သွားမှာပါ။ အခုလုပ်မယ့် ကျောက်မီးသွေးစက်ရုံက
ဓါတ်အားကို ၂၃၀ လိုင်း နဲ့ မဟာဓါတ်အားလိုင်း ပေါ်တင်ပြီး ဖြန့်သွားမှာ။
ဒေသခံတွေ သဘောမတူလည်း သဘောတူအောင်ကြိုစားမှာပါ”ဟု ပြောသည်။
ထားဝယ်သုတေသနအသင်းမှ ဒေသခံ ကိုဇော်သူရက“ ဒီစီမံကိန်းက
လုံးဝမဖြစ်နိုင်တဲ့ ဟာလေ။ တနသာင်္ရီ တစ်တိုင်းလုံးမှာ မီဂ္ဂါဝပ် ၂၀၀
တောင်မလိုဘူး။ တိုင်းဒေသကြီးကလည်း ဂတ်စ်နဲ့လုပ်နေတယ်။ ပရောဂျက်တွေက
ထပ်နေပြီ။ ယုံကြည်စရာတွေလည်း မရှိဘူး။ဒါက ယိုးဒယားကိုပဲ ရောင်း စားမယ်လို့
ထင်တယ်။ ၃၅ကျပ်နဲ့ပေးတာ သိတယ်။ ဒေသမှာဖြန့်နေတဲ့ ဈေးနှုန်းနဲ့လည်း
အများကြီး ကွာတယ်ဆိုတာလည်း သိတယ်။ ဒီဒေသက လူတွေကလည်း လျှပ်စစ်ကို
၄၇၀ကျပ်နဲ့ ပေးနိုင်လို့ နေနေကြတာပဲ” ဟု ပြောသည်။
ကျောက်မီးသွေးစက်ရုံတည်ဆောက်ရာတွင် ဖြစ်ပေါ်တက်သော သက်ရောက်မှုများနှင့်
ပတ်သက်ပြီး Eco Dev အဖွဲ့မှ ဥက္ကဋ္ဌ သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူ
ဦးဝင်းမျိုးသူက ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားပေး စက်ရုံသည် ကျန်းမာရေး၊
လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အရေးတို့တွင် အနည်းနှင့် အများထိခိုက်မှုများ
ရှိနိုင်ပြီး ဒေသခံများ၏ လက်ခံသဘော တူနိုင်မှုကို ရယူပြီးမှသာ အဆိုပါ
စီမံကိန်းကို တည်ဆောက်ရန်လိုအပ် သည်ဟု ဆိုသည်။
သကျက်တော ကျေးရွာသည် အိမ်ခြေ ၄၅၀ ခန့်ရှိပြီး လူဦးရေ ၁၅၀၀ ရှိပြီး
လျှပ်စစ်ဓါတ်အားကို ဒေသဘုန်းကြီးကျောင်းမှ မီးစက်ဖြင့် တစ်အိမ်လျှင် တစ်လ
ကျပ် ၇၀၀၀ နှုန်းဖြင့် ၁၀ ယူနစ်စီ ဖြန့်ဝေပေးလျှက်ရှိသည်ဟု ဒေသခံများထံမှ
သိရသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/32237-2014-11-11-19-40-24
No comments:
Post a Comment