အမေရိကန်ပြည်ထောင်စုက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ (ယခင်စက်မှု-၁ ဝန်ကြီးဟောင်း) ဖြစ်သူ ဦးအောင်သောင်းအား Sanction Blacklist စာရင်းတွင် ထည့်သွင်းပြီးနောက် ဦးအောင်သောင်း၏သားဖြစ်သူ ဦးနေအောင်က ရှယ်ယာရာခိုင်နှုန်း ၉ဝ အထိ အဓိကပိုင်ဆိုင်သည့် UAB ဘဏ်တွင် အပ်နှံထားသောငွေများအား ပြည်သူများ ပြန်လည်ထုတ်ယူနေမှုမှာ လက်ရှိအချိန်တွင် နည်းပါးသွားပြီး ယခင်အတိုင်း ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း UAB ဘဏ်မှ အမှုဆောင်အရာရှိချုပ် ဦးသန်းဝင်းဆွေက ပြောကြားသည်။
စက်မှု-၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင်က အဓိကရှယ်ယာရှင်အဖြစ် ရာခိုင်နှုန်း ၉ဝ အထိ ပိုင်ဆိုင်ထားသည့် UAB ဘဏ်၏ ပိုင်ဆိုင်မှုမတည်ငွေမှာ လက်ရှိအချိန်တွင် ကျပ်ဘီလျံ ၄ဝ အထိပိုင်ဆိုင်ထားပြီး UAB ဘဏ်၏ အပ်ငွေစုစုပေါင်းမှာ ကျပ်ဘီလျံ ၄၄ဝ အထိရှိကာ ချေးငွေစုစုပေါင်းမှာ ကျပ် ၂၃၁ ဘီလျံအထိရှိနေကြောင်း ဦးသန်းဝင်းဆွေက ဆိုသည်။ ဦးအောင်သောင်းအား Sanction Blacklist စာရင်းတွင် ထည့်သွင်းကြောင်း သတင်းထွက်ပေါ်ပြီးနောက် နိုဝင်ဘာ ၃ ရက်က ပြည်သူများ အပ်ငွေပေါင်း ၄၄ ဘီလျံအထိရှိပြီး ထုတ်ငွေ ၄၁ ဘီလျံအထိ ရှိခဲ့သော်လည်း နိုဝင်ဘာ ၄ ရက်တွင်မူ ထုတ်ငွေ ၂၆ ဘီလျံနှင့် အပ်ငွေ ၁၆ ဘီလျံအထိ အပ်ငွေနှင့် ထုတ်ငွေနှစ်ရပ်စလုံးတွင် ကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ကျဆင်းမှုမှာလည်း ကောလာဟလကြောင့်သာဖြစ်ပြီး ထုတ်ငွေပမာဏ များပြားလာသည် ဆိုရာတွင်လည်း ၁ဝ ဘီလျံခန့်သာ ကွာဟခြင်းဖြစ်ကြောင်း ဦးသန်းဝင်းဆွေက ဆိုသည်။ ဘဏ်အများစုမှာ နေ့စဉ်ထုတ်ငွေနှင့် အပ်ငွေမှာ ကျပ်ဘီလျံ ၄ဝ မှ ၄၅ ဘီလျံ အကြားသာဖြစ်ပြီး UAB ဘဏ်၏ထုတ်ငွေအပ်ငွေ အခြေအနေမှာ ပြီးခဲ့သည့် သောကြာနေ့မှ စတင်တည်ငြိမ်ခဲ့ပြီး လက်ရှိအချိန်တွင် ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပြီဖြစ်သည်ဟု ဦးသန်းဝင်းဆွေက ဆိုသည်။
ဦးအောင်သောင်းအား တစ်သီးပုဂ္ဂလအနေဖြင့် အမေရိကန်နိုင်ငံက Sanction Blacklist စာရင်းတွင် ထည့်သွင်းထားခြင်းဖြစ်ပြီး ဦးအောင်သောင်း၏သားဖြစ်သူ ဦးနေအောင်မှာ အမေရိကန် Sanction Blacklist စာရင်းတွင် ထည့်သွင်းခံထားရမှုမရှိကြောင်း ဦးသန်းဝင်းဆွေက ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ ဘဏ်များအနက် အမေရိကန်အစိုးရ၏ Sanction Blacklist စာရင်းတွင် ပါဝင်နေသည့် ဘဏ်များမှာ နိုင်ငံပိုင်ဘဏ်များဖြစ်သော မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ တပ်မတော်နှင့်ဆက်နွှယ်နေသည့် အင်းဝဘဏ်၊ မြဝတီဘဏ်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များတွင် ဦးတေဇပိုင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် ဦးဇော်ဇော်ပိုင် ဧရာဝတီဘဏ်တို့ဖြစ်ပြီး UAB ဘဏ်သည် အမေရိကန်နိုင်ငံ၏ Sanction Blacklist စာရင်းတွင် ပါဝင်မှုမရှိကြောင်း UAB ဘဏ်မှ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများသို့ပေးအပ်သည့် ရှင်းလင်းပွဲဆိုင်ရာ အချက်များအရ သိရသည်။
http://www.news-eleven.com/local/%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%A1%E1%80%B1%E1%80%99%E1%80%9B%E1%80%AD%E1%80%80%E1%80%94%E1%80%B9%E1%80%80-sanction-blacklist-%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%91%E1%80%8A%E1%80%B9%E1%80%B7%E1%80%9E%E1%80%BC%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%82%88%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B7%E1%80%B9-%E1%80%9A%E1%80%B0%E1%82%8F%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%90%E1%80%80%E1%80%B9%E1%80%A1%E1%80%99%E1%80%9B%E1%80%98%E1%80%8F%E1%80%B9%E1%80%99%E1%80%BD
No comments:
Post a Comment