ရန်ကုန်မြို့တွင်း အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်း အတွက် လာမယ့် ဘဏ္ဍာနှစ်မှ
စတင်ကာ ပုဂ္ဂလိက ကုမ္ပဏီတွေကို လွှဲပြောင်းပေးတော့မှာ ဖြစ်တယ်လို့
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်
သန့်ရှင်းမှုဌာနမှ သိရပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
ဆောင်ရွက်လျက်ရှိတဲ့ အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းတွေ အတွက် ပုဂ္ဂလိက
ကုမ္ပဏီတွေကို မတ်လမှာ တင်ဒါခေါ်ယူခဲ့တာဖြစ်ပြီး လာရောက် လျှောက်ထားခဲ့တဲ့
ကုမ္ပဏီခုနစ်ခုထဲက နောက်ဆုံး အဆိုပြုလျှောက်လွှာတွေကို အောက်တိုဘာလမှာ
စိစစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တွင်းရှိ လေးခရိုင်မှာ
လုပ်ဆောင်ဖို့ အတွက် ကုမ္ပဏီတွေရဲ့ တင်ပြချက်တွေကို စိစစ်ပြီး
ကော်မတီဖွဲ့စည်းရွေးချယ်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ကို အဆင့်ဆင့် တင်ပြ ဆောင်ရွက်ပြီး
လာမယ့် ဘဏ္ဍာနှစ်အစမှာ လွှဲပြောင်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို
ပုဂ္ဂလိကကို လွှဲပြောင်းပေးအပ်လိုက်ပြီးတဲ့အခါမှာ ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီမှ လုပ်ဆောင်စဉ်ကထက် ပိုမိုကောင်းမွန်တဲ့
ဝန်ဆောင်မှုကို ရရှိနိုင်မှာ ဖြစ်တယ်လို့လည်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းမှုဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီလို ပုဂ္ဂလိက လွှဲပြောင်းလိုက်တဲ့ အတွက်
ပြည်သူတွေ ပေးဆောင်ရမယ့် အမှိုက်ခွန်မှာ အနည်းငယ် ပြောင်းလဲမှု ရှိလာနိုင်မှာ
ဖြစ်ပေမယ့် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်း ဖြစ်တာကြောင့် လက်ရှိ စည်ပင်သာယာရေး
ကော်မတီမှ ကောက်ခံနေတဲ့ နှုန်းထားနဲ့ ကွာဟမှု မများအောင်
ညှိနှိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ပုဂ္ဂလိကကို လွှဲပြောင်းဖို့ အတွက် BOD
(၁၀)နှစ်စာချုပ်ချုပ်ဆိုရမှာဖြစ်ပြီး နောက်ပိုင်းမှာ ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ အနေနဲ့ အဲဒီကုမ္ပဏီတွေကို သတ်မှတ်ချက်အတိုင်း
လုပ်ဆောင်ခြင်း ရှိမရှိကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ချုပ်ဆိုထားတဲ့
စာချုပ်ပါ အချက်အလက်တွေကို ဖောက်ဖျက်လာခဲ့ရင်သော် လည်းကောင်း၊ ပြည်သူများက
တိုင်ကြားလာခဲ့ရင်သော် လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက ဥပဒေနည်းပညာတွေနဲ့ အညီ ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ တစ်နေ့ကို အမှိုက်တန်ချိန်
(၁၆၀၀)နီးပါး ထွက်ရှိပြီး သန့်ရှင်းရေးဝန်ထမ်းပေါင်း(၃၇၀၀)နဲ့
အမှိုက်သိမ်းဆည်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါသည်။
http://www.skynet-uptodate.com/localDetail.php?nid=ayvee
No comments:
Post a Comment