အဲအေးရှား လေယာဉ်ကို လိုက်လံရှာဖွေနေရင်း ပင်လယ်ရေပြင်ပေါ်တွင်
တွေ့ရှိရသည့် ပေါလောမျောနေသော အပျက်အစီး အစိတ်အပိုင်းများသည် အဆိုပါ
လေယာဉ်မှဖြစ်ကြောင်း အင်ဒိုနီးရှား ပြည်သူ့လေကြောင်းဌာန တာဝန်ရှိသူတစ်ဦးက
ထုတ်ဖော် ပြောကြားခဲ့သည်။
အစောပိုင်းက ရှာဖွေရေး အဖွဲ့များသည် ရေပြင်ပေါ်တွင် မျောပါနေသော အပျက်အစီး အစိတ်အပိုင်းများကို တွေ့ရှိခဲ့ပြီးနောက် သတင်းဌာနများက ယင်းသည် QZ8501 လေယာဉ်မှ ဟုတ်မဟုတ် အတည်မပြုနိုင်သေးဟု ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ဒီဇင်ဘာ ၃၀ တွင် တွေ့ရှိခဲ့သည့် အဆိုပါ အပျက်အစီးများသည် အဲအေးရှားလေယာဉ်မှ အပိုင်းအစများဟု အင်ဒိုနီးရှား ပြည်သူ့လေကြောင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဂျိုကို မွာဂျတ်မော့ဂျိုက ပြောကြားခဲ့သည်။
“အခုအချိန်မှာတော့ အဲဒီအပျက်အစီး အစိတ်အပိုင်းတွေဟာ အဲအေးရှား လေယာဉ်က ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ပါပြီ။ ပို့ဆောင်ရေးဝန်ကြီးက အဲဒီနေရာကို အမြန်ဆုံး လိုက်သွားပါမယ်။ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး အဖွဲ့ဝင်တွေဆီက မျက်မြင်သုံးသပ်ချက် အစီရင်ခံမှုတွေအရ လေယာဉ်ရဲ့ ခရီးသည် အဆင်းအတက်တံခါး၊ ကုန်လှောင်ခံ တံခါးတွေကို တွေ့ရှိထားပြီ ဖြစ်ပါတယ်။ ပန်ကာလန်ဘွန်ကနေ အနောက်တောင်ဘက် ကီလိုမီတာ (၁၆၀)အကွာ ပင်လယ်ထဲမှာပါ”ဟု ၎င်းက ဆိုသည်။
ရှာဖွေရေး အဖွဲ့များသည် ဒီဇင်ဘာ ၃၀ တွင် လေယာဉ်အဆက်အသွယ် ပြတ်တောက်သွားသည့် နေရာ၏ တောင်ဘက်ပိုင်းကို ပိုမိုအာရုံစိုက် ရှာဖွေခဲ့ပြီးနောက် ယခုကဲ့သို့ လေယာဉ် အပျက်အစီးများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေယာဉ်သည် အင်ဒိုနီးရှားမှ စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် ဒီဇင်ဘာ ၂၈ ရက်က အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး လေယာဉ်ပေါ်တွင် အမှုထမ်းနှင့် ခရီးသည် စုစုပေါင်း (၁၆၂)ဦး လိုက်ပါသွားသည်။
_Ref: Channelnewsasia
http://7daydaily.com/story/28195#.VKPK-8nZGM8

No comments:
Post a Comment