စစ်ရေးပြနေတဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: taangsky.blogspot.com
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အစိုးရ တပ်မတော်နဲ့ စစ်ရေး တင်းမာမှုတွေ
ရပ်ဆိုင်းပြီး အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေး လိုကြောင်း ပလောင်ပြည်နယ်
လွတ်မြောက်ရေး တပ်ဦး PSLF/TNLA က ကြေညာ ချက်ထုတ်ပြန်ပါတယ်။
အခုရက်ပိုင်းအတွင်း TNLA တပ်တွေရှိတဲ့ နမ့်ဆန်၊ မန်တုံ စတဲ့မြို့နယ်တွေမှာ
အစိုးရက ထိုးစစ်ဆင်နေတာတွေ များပြားလာတာကြောင့်
အခုလိုတောင်းဆိုတာဖြစ်တယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ရဲ့
ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး တာအိုက်ကျော် က ပြောပါတယ်။
"လက်တလောဖြစ်နေတဲ့တိုက်ပွဲက တော်တော်လေးစိတ်နေတယ်၊ အဲ့ဒါကို
ပြန်ကြည့်ခြင်းအားဖြင့် အစိုးရနဲ့ တိုင်းရင်းသားကြားမှာ စစ်ရေးအရ
ဖြေရှင်းမရတဲ့ ပြဿနာတွေဖြစ်တယ်၊ အဲ့ဒါကြောင့်မို့ အပစ်ခတ်ရပ်စဲရေး
လုပ်နိုင်ဖို့အတွက် တွေ့ဆုံမှုအရသာ ဖြေရှင်းနိုင်မှာပေါ့နော်၊
စစ်ရေးအရဖိအားပေးမှ တောင်လျှောက်ဖြေ ရှင်းမယ်ဆိုရင်လည်း ကျနော်တို့ဖက်က
ခုခံကာကွယ်တိုက်ခိုက်နေတာဖြစ်တယ်"
တအာင်းလူမျိုးတွေနေထိုင်တဲ့ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မူဆယ် စတဲ့
မြို့နယ်တွေမှာ ဒီလဆန်းလောက်ကစပြီး တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာပါ။
အဲဒီထုတ်ပြန်ချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့
ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT၊
မြန်မာငြိမ်းချမ်းရေးစင်တာ MPC နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ
ဖက်ဒရယ်ကောင်စီ UNFC တို့ထံ ပေးပို့ထားတယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/tnla-offered-government-to-meet-02232015092934.html
No comments:
Post a Comment