ကြေးနီ စီမံကိန်းကြီး အတွင်း ခြံစည်းရိုး ကာရံထားသည့် သွပ်ဆူးကြိုး
များအား ယခုလ (၁၉) ရက်နေ့ ညနေ (၃) နာရီ အချိန်တွင် မိုးကြိုးပြင် ဒေသခံ
(၅၀) ကျော်မှ ၀င်ရောက် ဖျက်ဆီးခဲ့သည့် အတွက် နှစ်ဖက် တင်းမာမှု ဖြစ်ပွားကာ
ဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ ဝင်များ အကြား လေးခွများဖြင့် အပြန်
အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ သဖြင့် ဒေသခံငါးဦး လေးခွ ထိမှန်ကာ ထိခိုက်
ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ယင်းသို့ ခြံစည်းရိုး များကို
မိုးကြိုးပြင် ဒေသခံ များက အတင်းဝင်ရောက် ဖျက်ဆီးမှုကို လုံခြုံရေး
တာဝန်ရှိသူများ တားဆီးရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြေလျော်ကြေး လုံးဝကို ယူမထားဘူး။ ကိုယ့်မြေတွေကို ဘူဒိုဇာတွေနဲ့
ထိုးကော်နေတာကို လက်ပိုက်ကြည့်နေ ရတာ အရမ်းကို အခံရခက် ပါတယ်။ ဒါကြောင့်
ခြံစည်းရိုးတွေကို ဖျက်ဆီးပစ်ခဲ့ တာပါ။ ရဲတွေက စပြီး ပစ်ခဲ့တာပါ။ ဒါကြောင့်
ဒေသခံတွေက ပြန်ပြီး ပစ်ခတ် ခဲ့တယ်။ ရွာသား ငါးဦးတော့ ဒဏ်ရာ
ပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။ လေးခွ နဲ့ ပစ်တဲ့ ဒဏ်ရာပါ။ ဒေါ်ခင်ဝင်းကို
ပစ်သတ်ခဲ့တဲ့ ရဲတွေကို လုံးဝကို မကျေနပ်ဘူး။ ဆက်ပြီးလည်း ခုခံ သွားမှာပါ
ဟု မိုးကြိုးပြင် ကျေးရွာမှ ဒေသခံ ဒေါ်ဝက The Messenger Media သို့ ပြောသည်။
အဆိုပါ စီမံကိန်းကြီး အတွင်း ခြံစည်းရိုးများ ခတ်ထားမှုကို ဒေသခံ များက
ယခုအချိန်ထိ လက်ခံနိုင် သေးခြင်း မရှိဘဲ ကုမ္ပဏီမှ အဆိုပါ ခြံစည်းရိုး
အနီးတွင် မြေတူးခြင်း မြေကော်ခြင်းများ ပြုလုပ်နေသည့် အတွက် ဒေသခံများက
မခံမရပ်နိုင် ဖြစ်ကာ ယခုကဲ့သို့ အပြန်အလှန် ပစ်ခတ်သည် အထိ
ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းသို့ မိုးကြိုးပြင်ကျေးရွာ ဒေသခံများ
ဝင်ရောက် ဖျက်ဆီးမှုကြောင့် ကာရံ ထားသည့် သွပ်ဆူးကြိုး အခန်း(၅၀) ကျော်
ပျက်စီးသွား ခဲ့ပြီး လုံခြုံရေး ရဲတပ်ဖွဲ့ ဝင် များမှာ ထိခိုက် ဒဏ်ရာ
ရရှိခဲ့ခြင်း မရှိခဲ့ကြောင်း သက်ဆိုင်ရာ လုံခြုံရေး အရာရှိ ထံမှ သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=32195
No comments:
Post a Comment