February 20, 2015

ဒဏ်ရာရရှိသော ကြက်ခြေနီတပ်ဖွဲ့ဝင်နှစ်ဦးသက်သာ

ဒဏ်ရာရသူတစ်ဦးကို အကာအကွယ်ပေးသယ်ဆောင်နေစဉ် (ဓာတ်ပုံ - လင်းဘိုဘို/အီးပီအေ)
ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်သို့ ပြန်သောဒုက္ခသည်များအား ကူညီပို့ဆောင်ပေးနေစဉ် လက်နက်ကိုင်အချို့၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်နှစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာမရှိတော့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက သတင်းထုတ်ပြန်သည်။

အဆိုပါ ဖြစ်ရပ်သည် ဖေဖော်ဝါရီ ၁၇ ရက်က ပဋိပက္ခဖြစ်ပွားရာဒေသများမှ ဒုက္ခသည်များကို သယ်ဆောင်လာသော ယာဉ်တန်းကို ကွမ်းလုံနှင့် ချင်းရွှေဟော်မြို့နယ်အကြား လောက်ကိုင်မြို့နှင့် ၉ မိုင်အကွာ၌ ပစ်ခတ်ခံရခြင်း ဖြစ်သည်။
ကြက်ခြေနီယာဉ်တန်းသည် လောက်ကိုင်မြို့ရှိ ဒုက္ခသည် ကလေးနှင့် လူကြီး ၁၂၀ ခန့် ခေါ် ဆောင်လာစဉ် ရှေ့ဆုံးကားကို ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၃ နာရီ ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းနှင့် ရှေ့ခန်းတွင်ထိုင်နေသော အမျိုးသားတို့ ဒဏ်ရာရခဲ့သည်။
ဒဏ်ရာရခဲ့သူများတွင် ကွမ်းလုံကြက်ခြေနီအသင်းမှအသက် (၅၂) နှစ်အရွယ် တပ်စုမှူး ဒုအရာခံဗိုလ် မိုးကျော်သန်းမှာ ၀မ်းဗိုက်၌ ဒဏ်ရာရရှိခဲ့ပြီး အသက် (၃၉) နှစ်အရွယ် တပ်သား ဇော်မင်းထိုက်မှာ မျက်နှာ၌ ဒဏ်ရာရရှိခဲ့သည်။ ကူညီပေးနေသော ကြက်ခြေနီများ တိုက်ခိုက်ခံရခြင်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်မြင့်က 7 Day Daily အား ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောသည်။
‘‘ကြက်ခြေနီ စေတနာလုပ်အားရှင် နှစ်ဦး တိုက်ခိုက်ခံရတာက မြန်မာနိုင်ငံမှာတော့ စစ်ပွဲအတွင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာပဲ။ အရင်က ဒါမျိုး တိုက်ခိုက်ခံရတာ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာလက်နက်ဥပဒေ အရ စစ်ပွဲတိုင်းမှာ လိုက်နာဖို့ လိုပါတယ်’’ဟု ဒေါ်ရွှေစင်မြင့်က ပြောသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌကလည်း အဆိုပါဖြစ်ရပ်အတွက် ၀မ်းနည်းရပြီး ဒုက္ခသည်များကို ကူညီပေးနေသူများအား ပစ်မှတ်အဖြစ် မတိုက်ခိုက်သင့်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက် တွင် သတင်းထုတ်ပြန်ကြေညာခဲ့ သည်။
‘‘တိုက်ပွဲကြောင့် နေရပ်ပြန်သူများကို လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေ ပေးနေစဉ်မှာ အခုလိုဒဏ်ရာရရှိ ကြောင်း သိရတဲ့အတွက် အလွန်ပဲဝမ်းနည်းရပါတယ်။ ဒီလို အခက်အခဲတွေကြားထဲက ကူညီပေးနေတဲ့သူတွေကို လေးစားရမှာဖြစ်ပြီး ပစ်မှတ်အဖြစ် မတိုက်ခိုက်သင့်ပါ ဘူး’’ဟု မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာသာလှရွှေက ပြောသည်။
‘‘တစ်ဦးက ညာဘက်မျက်စိထိတယ်။ တစ်ဦးက ကျည်ဆန် ဗိုက်ထောက်သွားတယ်။ ဗိုက်ကို ထိတဲ့သူကို ကျည်ဆန်ထုတ်ပြီး သွေးသွင်းရတယ်။ မျက်စိဆရာဝန်ကလည်း ကွမ်းလုံမှာမရှိလို့ ပို စိတ်ချရအောင် လားရှိုးဆေးရုံကို ပို့လိုက်ပါပြီ။ နှစ်ဦးစလုံး စိုးရိမ်စရာအခြေအနေမရှိတော့ပါဘူး’’ ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း အမှုဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်လှက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်ခံရသည့် ယာဉ်တန်းတွင် ရှေ့ဆုံးယာဉ် ထိမှန်ခဲ့ခြင်း ဖြစ်သည်။ ကြက်ခြေနီတပ်ဖွဲ့ဝင်ပေါင်း ၁၅ ဦး ပါရှိ၍ အခင်းဖြစ်ပွားစဉ် စေတနာ့လုပ်အားရှင်များသည် ကြက်ခြေနီအမှတ်အသားကို ထင်ရှားစွာ ၀တ်ဆင်ထားကြပြီး အမှတ်အသားအလံကို ထောင်ထားခြင်းကြောင့် မှားယွင်းပစ်ခတ်ခြင်းဆိုသည်မှာ မဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းအချက်အလက်များ ပိုမိုရရှိရန်နှင့် ဒဏ်ရာရသူများကို ကူညီရန် ဟိုပန်မြို့နယ် ကြက်ခြေနီအသင်းခွဲက ဖေဖော်ဝါရီ ၁၈ ရက်တွင် ကွမ်းလုံမြို့နယ်သို့လည်းကောင်း၊ ဖေဖော်ဝါရီ ၁၉ ရက်တွင်ရုံးချုပ်မှ  ငွေကြေးဆိုင်ရာအထောက်အပံ့များ၊ လိုအပ်သောအကူအညီများကို ပေးနိုင်ရန် လားရှိုးမြို့နယ်သို့ လည်းကောင်း မြေပြင်အခြေအနေသိရှိရန် သွားရောက်မည်ဖြစ်သည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် နေရပ်ရွှေ့ပြောင်းလာကြသည့် လူသုံးထောင်ကျော်အား ဒေသခံကြက်ခြေနီများက ကူညီပေးလျက်ရှိပြီး စေတနာလုပ်အားရှင်များအတွက် အကာအကွယ်ဖြစ်စေမည့် ကြက်ခြေနီအလံများနှင့် အမှတ်အသားပါ အပေါ်ယံခါးစည်းများ ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
http://7daydaily.com/story/32058#.VOafRcnZGM8

No comments:

Post a Comment