မိချောင်းကန်
သပိတ်စခန်း ဖွင့်လှစ်ဆန္ဒပြသူ ၁၄ ဦးအား ကျောက်တံတားမြို့နယ် တရားရုံးသို့
ရုံးထုတ်လာသည်ကို ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ -
နန်းမြင့်၊ မဇ္ဈိမ) ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားအနီးတွင်
ဖွင့်လှစ်ထားသည့် အဆိုပါ မိကျောင်းကန် သပိတ်စခန်းသည် ၁၁ လကြာ
ဖွင့်လှစ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက်၊ နံနက် ၃ နာရီခန့်တွင်
အာဏာပိုင်တို့က ဖျက်သိမ်းပစ်လိုက်သည်။
ထိုသပိတ်စခန်းမှာ ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလပန်းခြံဘေးတွင်
ဖွင့်လှစ်ထားသည့် သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန်ရပ်ကွက်
အပိုင်း(၁)၊(၂)၊(၃)မှ ဒေသခံများက အဆိုပါ မိကျောင်းကန် သပိတ်စခန်းမှ
ဆန္ဒထုတ်ဖော်နေသူများက မိမိတို့သိမ်းဆည်းခံရသည့် မြေကိုလည်းကောင်း၊ အလားတူ
ကာလတန်ဖိုးရှိ သည့် နစ်နာကြေးကို လည်းကောင်း၊ အစားထိုးမြေကို လည်းကောင်း
ပြန်လည်ရရှိရေးအတွက် တောင်းဆိုနေကြသည့် ဆန္ဒထုတ်ဖော်နေသူများ ဖြစ်သည်။ဖြစ်စဉ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် အဖွဲ့က မြောင်းတူးဖော်နိုင်ရေးအတွက် သပိတ်စခန်း ဖျက်သိမ်းပေးရန်ဆိုကာ ဖေဖော်ဝါရီ ၂၅ရက် (ယမန်နေ့)နံနက် ၇ နာရီက လာရောက်ပြောကြားခဲ့ပြီး နောက် ဖေဖော်ဝါရီ ၂၆ရက် နံနက် ၃ နာရီကျော်တွင် မိကျောင်းကန် သပိတ်စခန်းကို စည်ပင်သာယာ ရဲတပ်ဖွဲ့ လူအင်အားရာကျော်ဖြင့် ဖျက်သိမ်းခဲ့ပြီး သပိတ်စခန်းရှိသူ ၁၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ် သည်။ ဖမ်းဆီးထိန်းသိမ်းခံရသူများတွင် ဆန္ဒထုတ်ဖော်သူ ၁၄ ဦးနှင့် ဈေးသည် လေးဦးတို့ ပါဝင်သည်။
ဈေးသည် လေးဦးကို ဈေးမရောင်းရခံ ဝန်ကတိဖြင့်လည်းကောင်း၊ မိကျောင်းကန် သပိတ်စခန်း ဆန္ဒထုတ် ဖော်နေသူ ၁၄ ဦးကို ကျောက်တံတားမြိုနယ် တရားရုံးမှ ငြိမ်ချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ-၁၈ ဖြင့်လည်းကောင်း၊ လသာမြို့နယ် စည်ပင်သာယာ တရားရုံးမှ စည်ပင်သာယာ အက်ဥပဒေတားမြစ်ချက်ကို မလိုက်နာခြင်းကြောင့် စည်ပင်ဥပဒေ ပုဒ်မ-၆၈ တို့ဖြင့် အရေးယူ ဖမ်းဆီးခဲ့ပြီး ထိုနေ့ ည ၅ နာရီခွဲတွင် အဆိုပါ ဖမ်းဆီးထားသူများကို ကိုယ်တိုင်ခံဝန် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
သပိတ်စခန်းဖျက်သိမ်းခြင်းနှင့် ဆန္ဒပြသူများ ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က''ဖမ်းတာက ဥပဒေအရ ငြှိစွန်းရင်ဖမ်းပေါ့၊ ဥပဒေအရ ငြှိစွန်းလို့ ဖမ်းတယ်ဆိုရင် ဖမ်းတဲ့သူကလည်း ဥပဒေကို လေးစားလိုက်နာရမယ်။ အကြမ်းဖက်မှု မပြုလုပ်သင့်ဘူး။ ဒဏ်ရာ ဒဏ်ချက် ရတယ်ဆိုတော့ မသင့်လျော်ဘူး'' ဟု ပြောသည်။
မိကျောင်းကန် သပိတ်စခန်းမှ ဖမ်းဆီးခေါ်ဆောင်ခံရသူ မသန်းရွှေ ''ကိုယ်ဘိုးဘွား ပိုင်မြေကို တောင်းဆိုတဲ့နေရာမှာ မနက် ၃ နာရီမှာ လာရောက်အကြမ်းဖက်ပြီး ဖမ်းခေါ်သွားတယ်။ ဆံပင်တွေကို ဆွဲပြီးခေါ် သွားပါတယ်။ လက်၊ ခြေထောက်တွေ ပေါက်ပြဲသွားတယ်''ဟု ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသူများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ရဲမှူးကြီး စိုးလွင်မိုးဦးဆောင်သည့် စည်ပင်ရဲတပ်ဖွဲ့က မိကျောင်းကန် သပိတ်ကို ဖျက်သိမ်းခဲ့ပြီး ဖမ်းဆီးခေါ်ဆောင် ခံရသူများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရုံးတွင် စစ်ဆေးပြီး အမှုတွဲ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လာရောက်ဖမ်းဆီးရာတွင် ၁၂ ဘီးယာဉ်ကို လမ်းနှစ်ဘက်ပိတ်ပြီး မီနီဘတ်စ်ကား လေးစီး၊ တီအီးကား နှစ်စီးဖြင့် လူနှင့်ပစ္စည်းများတင်ပြီး ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
မိကျောင်းကန်သပိတ်စခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခံရသူ ဦးမောင်မောင်က ''နံနက်က အတင်းအဓမ္မဝင် ပြီး ကားပေါ်ဆွဲ တင်သွားတယ်။ ကျွန်တော်တို့ကို တင်သွားတာ မှန်လုံးနဲ့ တီအီးကားတွေလည်းပါတယ်။ အခုတော့ တရားရင်ဆိုင်ရမယ်''ဟု ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ရာတွင် ပါဝင်သည့် ဈေးသည် ဒေါ်မြတ်မြတ်စိုးက ''ည ၁ဝ နာရီ ဝန်းကျင်မှာ ဈေးသည် တွေ ပစ္စည်းကို သေချာသိမ်း လှည်းတွေဖမ်းမယ်စီမံချက်ရှိတယ်။ ဖမ်းမယ်လို့ ပြောသံကြားလို့ ၃၅ လမ်းမှာ လှည်းတွေထားတာ စိတ်မချလို့ ပန်းခြံအဝင်မှ သပိတ်စခန်းဘေးမှာ ထားတယ်။ ပစ္စည်းတွေ အများကြီးပါ သွားတယ်။ စိတ်မချလို့ သပိတ်ဘေးမှာ အိပ်စောင့်တာ ဖမ်းခေါ်သွားတယ်။ ခံဝန်ကတိနဲ့ ပြန်လွှတ်လိုက် တယ်''ဟု ပြောသည်။
အဆိုပါအမှုဖွင့် အရေးယူခံထားရသူ ၁၄ ဦးကို မတ်လ ၁၁ ရက်တွင် အဆိုပါ တရားရုံးအသီးသီးက ရုံးချိန် ခဲ့ခြင်းဖြစ်သည်။
သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက် မြေသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှု ခုနစ်ကြိမ်နှင့် သပိတ်စခန်း သုံးကြိမ်ဖွင့်လှစ်ခဲ့ပြီး ပထမအကြိမ် သပိတ်စခန်းကို ၂ဝ၁၃ ခုနှစ် အောက်တို ဘာ ၂ ရက်က ငါးရက်တိုင် ဖွင့်လှစ်ခဲ့၍ ဒုတိယအကြိမ် သပိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက်က စတင်ဖွင့် လှစ်ခဲ့ပြီး ကာ ဒီဇင်ဘာ ၁၂ ရက်တွင် ပိတ်သိမ်းခဲ့ ခြင်းဖြစ်သည်။ ယင်းသပိတ်စခန်း ပိတ်သိမ်းပြီး သုံးလ အကြာ မတ်လ ၂၄ ရက် က မဟာဗန္ဓုလပန်းခြံအနီးရှိ ရန်ကုန် တရားလွှတ်တော်ရုံးရှေ့တွင် သပိတ်စခန်း ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၃၄ဝ တွင် ဖျက်သိမ်းခံခဲ့ရခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော်ခန်းမ ဝင်/ထွက် ပေါက်ကို တားသပိတ်လုပ်ဆောင်ခဲ့သည့် မိကျောင်းကန်သပိတ်စခန်းမှ တရားစွဲဆိုခံ ထားရသူ ၁၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက တစ်ဦးလျှင် ထောင်ဒဏ် ခြောက်လစီ ဖေဖော်ဝါရီ ၁၈ ရက်က အမိန့်ချခဲ့ခြင်းဖြစ်၍ သပိတ်ခေါင်းဆောင် ဦးစိန်သန်းအပါအဝင် ၁၅ ဦးရှိပြီး ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/39787-2015-02-27-02-11-43
No comments:
Post a Comment