February 18, 2015

လောက်ကိုင် တိုက်ပွဲတွင် ကျဆုံးသွားသည့် တပ်မတော်သားများ အတွက် (၃) ရက်အတွင်း အလှူငွေ ကျပ်သိန်း (၃၀၀၀) ကျော်ရရှိ


          ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ တိုက်ပွဲတွင် ကျဆုံး သွားသည့် တပ်မတော်သားများ အတွက် အလှူငွေ ကောက်ခံရာ သုံးရက် အတွင်း အလှူငွေ ကျပ်သိန်း (၃၀၀၀) ကျော် ရရှိခဲ့ကြောင်း အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်မှ  ဒုတိယ ဗိုလ်မှူးကြီး ၀င်းနိုင်ထွန်းက ပြောသည်။ ဒီအလှူငွေက နီးစပ်ရာ နေရာ ပေါင်းစုံက လာပြီး လှူဒါန်းကြ တာပါ ဟု ဒုတိယ ဗိုလ်မှူးကြီး ၀င်းနိုင်ထွန်းက ပြောသည်။ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့မှ စ၍ လောက်ကိုင် နယ်မြေတွင် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် တိမ်းရှောင် အဖွဲ့မှ လောက်ကိုင် တပ်နယ် အတွင်းသို့ ၀င်ရောက် တိုက်ခိုက်မှုကြောင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး၊ တပ်မတော်သား အများအပြား ကျဆုံးခဲ့ခြင်းကြောင့် ကျန်ရစ်သူ မိသားစုဝင် များကို  လှူဒါန်းရန် အလှူငွေ ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။
                ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှ စ၍ လှူဒါန်းရန် အလှူငွေ ကောက်ခံခြင်းအား စစ်ဌာနချုပ် အလိုက် ကောက်ခံနေပြီး၊ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် တွင်မူ သုံးရက် အတွင်း အလှူငွေ ကျပ်သိန်း သုံးထောင်ကျော် ရရှိခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူတွေ အတွက် အလှူငွေ ကောက်ခံဖို့ကို အချိန်တို့၊ ရက်တို့ အကန့်အသတ် မရှိ ဆက်ပြီး ကောက်ခံမှာပါ ဟု ဒုတိယ ဗိုလ်မှူးကြီး ၀င်းနိုင်ထွန်းက ဆိုသည်။
                လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင် အဖွဲ့နှင့် ဖေဖော်ဝါရီလ (၉) ရက်မှ (၁၂) ရက်အထိ တိုက်ပွဲ (၁၃) ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ယင်း ဖြစ်ပွားချိန်တွင် တပ်မတော်မှ အရာရှိ ငါးဦး၊ စစ်သည် (၄၂)ဦးကျဆုံးခဲ့ပြီး၊ အရာရှိ (၁၁) ဦး၊ စစ်သည် (၆၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်မှ သိရ သည်။ တိုက်ပွဲတွင် ကျဆုံးသူ တပ်မတော်သား များနှင့် ပတ်သက်၍ အလှူငွေ လှူဒါန်းလိုသူများ အနေဖြင့် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် သာမက ရန်ကုန်တိုင်း စစ်ဌာနချုပ် တွင်လည်း သွားရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=32061

1 comment:

  1. မောင်ခင်ညွန့် သူငယ်ချင်း ဖုန်ကြားရှင်

    ReplyDelete