ရန်ကုန် ဖေဖော်ဝါရီ ၂၃
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့်
နိုင်ငံခြား ခရီးသွား ဧည့်သည်များတွင် သဘာဝ အလှအပများကို
လေ့လာကြည့်ရှုလိုသည့် ခရီးသွားများအပြင် ရှားပါးငှက်မျိုး စိတ်များကို
ကြည့်ရှုလိုသည့် ငှက်ကြည့် ဝါသနာပါသော
ခရီးသွား ဧည့်သည်များ ဝင်ရောက်လျက်ရှိရာ ခရီးသွား လုပ်ငန်းမြှင့်တင်ရေး
လုပ်ငန်းတစ်ခု အနေဖြင့် ရှားပါး ငှက်မျိုးစိတ်များ၊ အများဆုံး
ကျက်စားလေ့ရှိသည့် နေရာဒေသများကို ယခုထက် ပိုမိုထိန်းသိမ်း
ကာကွယ်သင့်ကြောင်း ခရီးသွား လုပ်ငန်းရှင်များနှင့် ငှက်ဝါသနာရှင်များက
ပြောသည်။ မြန်မာနိုင်ငံ အတွင်း ရှားပါးငှက်မျိုး စိတ်များကို မန္တလေးတိုင်း
ဒေသကြီး ဝန်းကျင်နှင့် ပုဂံဒေသ တစ်ဝိုက်တွင် အများဆုံး တွေ့ရှိရပြီး အဆိုပါ
ဒေသများမှာ နိုင်ငံခြား ခရီးသွား ဧည့်သည်များ အများဆုံး ဝင်ရောက်
လေ့လာနေသည့် နေရာဒေသ တစ်ခုဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့သော ဒေသများ၌
ရှားပါးငှက်မျိုးစိတ်များ၏ စားကျက်များကို အကောင်းဆုံး ကာကွယ်ထိန်းသိမ်း
ပေးနိုင်မည်ဆိုပါက ခရီးသွားလုပ်ငန်း ယခုထက် ပိုမိုကောင်းမွန် လာနိုင်မည်
ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့်
နိုင်ငံခြား ခရီးသွား ဧည့်သည်များထဲတွင် ငှက်ကြည့်ရန် လာရောက်သည့်
ခရီးသွားများမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး ယခုနှစ်
ခရီးသွားရာသီတွင် ငှက်ကြည့်ရန်လာသည့် ခရီးသွားများ ပိုမိုဝင်ရောက်
လာနိုင်ကြောင်း ခရီးသွား လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။
မြန်မာနိုင်ငံ၌ ငှက်ကြည့်နိုင်သည့် အဓိက
နေရာများမှာ လှော်ကား၊ ပုဂံ၊ ချင်းတောင်၊ နတ်မတောင်၊ အင်းလေးကန်နှင့်
ကလော စသည့် ဒေသများဖြစ်သော်လည်း ပုဂံဒေသမှာ ခရီးသွားများအတွက် အကောင်းဆုံး
နေရာဒေသ တစ်ခုဖြစ်သည့်အပြင် ငှက်ကြည့်ခြင်း၊ ဒေသပတ်ဝန်းကျင်၌
လေ့လာစရာများနှင့် စိတ်ဝင်စားဖွယ် ရာများကြောင့် ခရီးသွားများ
ပိုမိုစိတ်ဝင်စား လာကြခြင်းဖြစ်ကြောင်း သိရသည်။
ငှက်ကြည့် နိုင်ငံခြား ခရီးသွားဧည့်သည်
အများစုမှာ ဗြိတိန် လူမျိုးများဖြစ်ပြီး အမေရိကန်၊ ဆွီဒင်၊ စင်ကာပူ၊
ဂျာမန်နှင့် ဟော်လန်လူမျိုးများလည်း လာရောက်ကြကြောင်း၊ လက်ရှိတွင်
မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများ၌ ငှက်မျိုးစိတ် ၃၅ မျိုးခန့်
ကျက်စားလျက်ရှိကြောင်း ပညာရှင်များ၏ လေ့လာမှုအရ သိရသည်။ မြန်မာနိုင်ငံ၌
တွေ့ရသည့် ရှားပါး ငှက်မျိုးစိတ် ခြောက်မျိုးထဲမှ လေးမျိုးဖြစ်သည့်
ငှက်မင်းသားဝမ်းဖြူ၊ နဖားကြူးအမြီးဝိုင်း၊ စွေ့နှင့် မြန်မာ
ဘီလုံးငှက်များ အများဆုံး ကျက်စားနေထိုင်သည့် အပြင် မြန်မာနိုင်ငံ
ငှက်စာရင်းထဲတွင် မတွေ့ရှိရသေးသည့် ငှက်အမျိုးအစားများကိုလည်း
မန္တလေးတိုင်း ဒေသကြီး ဝန်းကျင်၌ တွေ့မြင်နေရကြောင်း သိရသည်။
ဆောင်းခိုငှက်များ အပါအဝင် ဒေသတွင်းရှိ
ငှက်များ အများဆုံး ကျက်စားသော မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသဖြစ်သည့်
အောင်ပင်လယ် ရေဝပ်မြေ၊ တောင်သမန်အင်း၊ စွတ်မြဲအင်း၊ လိပ်အင်း
ပတ်ဝန်းကျင်ဒေသ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးဒေသ ပတ်ဝန်းကျင်နှင့်
အခြားဒေသများ၌ ဒေသရင်းငှက်များနှင့် ဆောင်းခိုငှက်များပါ
လာရောက်ကျက်စားလျက် ရှိကြောင်း သိရသည်။ http://myawady.net.mm/allnews/localnews/item/61065-2015-02-24-11-52-03
No comments:
Post a Comment