February 5, 2015

ဒေသခံ ပြည်သူများအား ဖမ်းဆီး၊ ဆက်ကြေး ကောက်ခံလျက်ရှိသည့် TNLA အဖွဲ့များ နှင့် တပ် တော် စစ်ကြောင်းများ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွား

နေပြည်တော်  ဖေဖော်ဝါရီ  ၃
မိုးကုတ်-မိုးမိတ် ကားလမ်း အရှေ့ခြမ်း ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံ ပြည်သူများအား ဖမ်းဆီးခေါ် ဆောင်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းနှင့် ရိက္ခာ စုဆောင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့မှုများ အရ တပ်မတော် စစ်ကြောင်းများက ဇန်နဝါရီ ၃ဝ ရက်တွင် နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်စဉ် ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် မိုးမိတ်မြို့နယ်၊ မန်ပတ်ရွာသို့ ရောက်ရှိခဲ့ရာ ၎င်းရွာနေ ဦးအိုက်ညဲ ၄၆ နှစ်နှင့် ပြောင်းပြန်ရွာနေ ဦးထွန်းကြည် ၄၈ နှစ်တို့အား  TNLA အဖွဲ့မှ တစ်ဦးလျှင် ငွေကျပ် သိန်း ၇ဝ ပေးဆောင်ရန် တောင်းဆိုခဲ့ပြီး မပေးဆောင်နိုင်သဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသဖြင့် တပ်မတော် စစ်ကြောင်းများက ဖမ်းဆီး ခေါ်ဆောင်ရာသို့ လိုက်လံ ရှင်းလင်းကြသည်။ ယင်းသို့ ရှင်းလင်း ဆောင်ရွက်ရာ ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် မိုးမိတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာသို့ ရောက်ရှိစဉ် TNLA အဖွဲ့ထံမှ အင်အား ၂ဝ ဦးခန့်နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLA ယူနီဖောင်းဝတ် အလောင်း သုံးလောင်း၊ အမ်-၂၂ သေနတ် တစ်လက်၊ ကျည်အိမ် သုံးခု၊ အမ်- ၂၂ ကျည် ၁၅ဝ တောင့်၊ လမ်းလျှောက် စကားပြောစက် တစ်လုံး၊ ကျောပိုးအိတ်  နှစ်လုံး၊ TNLA ယူနီဖောင်း တစ်စုံ၊ CDMA ဖုန်း တစ်လုံးတို့ သိမ်းဆည်း ရမိခဲ့သည်။
တပ်မတော် စစ်ကြောင်းနှင့် TNLA အဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် TNLA အဖွဲ့မှ မိုးကုတ်-မိုးမိတ် ကားလမ်းပေါ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော လွယ်ဆာ စခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့ခြင်းကြောင့် တပ်မတော်မှ စစ်သည် တစ်ဦး ကျဆုံးခဲ့သည်။
ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ ရွှေညောင်ပင်ကျေးရွာ၏ အနောက်ဘက် တစ်ဝိုက်တွင် TNLA အဖွဲ့ဖြင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်မှ စစ်သည် လေးဦး ကျဆုံးခဲ့၍ သုံးဦး ဒဏ်ရာရရှိခဲ့သည်။ TNLA အဖွဲ့ထံမှ အလောင်း ခုနစ်လောင်း၊ လက်နက်ငယ် မျိုးစုံ လေးလက် တို့အား သိမ်းဆည်း ရမိသည်။
ဖေဖော်ဝါရီ ၂ ရက် တိုက်ပွဲ စတင်ဖြစ်ပွားချိန်မှ ယနေ့အထိ တပ်မတော်သား ငါးဦး ကျဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိကာ TNLA အဖွဲ့ထံမှ အလောင်း ၁ဝ လောင်း၊ လက်နက် မျိုးစုံ ငါးလက်၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်။
TNLA အဖွဲ့ အနေဖြင့် ဒေသခံ ပြည်သူများအား အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဆက်ကြေးကောက် ခံခြင်းများ ဆောင်ရွက်လျက် ရှိခြင်းကြောင့် ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ လုံခြုံမှု ပျက်ပြားခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိပါသည်။
http://myawady.net.mm/allnews/headline/item/59831-2015-02-04-12-22-46

No comments:

Post a Comment