March 5, 2015

ကျောင်းသားသပိတ်ကို အကြမ်းမဖက်ရန် နိုင်/ကျဉ်းအဖွဲ့အစည်းအချို့တောင်းဆို

လက်ရှိအခြေအနေတွင် တင်းမာလျက်ရှိသော ကျောင်း သားသပိတ်ကိစ္စနှင့်ပတ်သက်၍ အကြမ်းဖက်ဖြိုခွဲခြင်းမပြုလုပ်ရန်နှင့်   ကျောင်းသားများဘက်မှ နောက်ဆုံးတောင်းဆိုထားသည့် အချက်ရှစ်ချက်ကို အစိုးရဘက်မှ လိုက် လျောရန်နိုင်ငံရေးအကျဉ်းသားများ အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းအချို့က ကြေညာ ချက်ထုတ်ပြန်သည်။
နိုင်ငံရေးအကျဉ်းသားများ အရေးဆောင်ရွက်နေသည့် နိုင်ငံ ရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (AAPP)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့တို့မှ မတ်လ ၄ ရက်တွင် ကြေညာချက်များထုတ်ပြန်လိုက် ခြင်းဖြစ်သည်။
ကျောင်းသားများ၏ တောင်း ဆိုဆန္ဒပြမှုကို အပြည့်အဝထောက်ခံပြီး ရရှိထားပြီးသော သဘောတူညီချက်များအမြန်ဆုံးလေးစားလိုက်နာအကောင်အထည်ဖော်ရန်နှင့် ကျောင်းသားများငြိမ်းချမ်းစွာဆန္ဒပြနေခြင်းအပေါ် ဟန့်တားနှောင့်ယှက်မှုများ ရပ်တန့်ရန် AAPP ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် လက်ပံတန်းမြို့သို့ရောက်ရှိနေ သော သပိတ်စစ်ကြောင်းနှင့် အစိုး ရတို့အကြား အပြန်အလှန်တင်း မာမှုများဖြစ်ပွားနေသည့် ကိစ္စရပ် နှင့်ပတ်သက်၍ ကျွန်ုပ်တို့အပါ အဝင် ပြည်သူလူထုတစ်ရပ်လုံးမှ စိုးရိမ်သောကပူပန်မှုများရှိနေကြ ကာ မလိုလားအပ်သော အင်အား သုံးဖြေရှင်းမှုများမဖြစ်စေရေး အားလုံး ဆန္ဒရှိနေကြောင်း နိုင်ငံ ရေး  အကျဉ်းသားဟောင်းများ အဖွဲ့၏ ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြသည်။

ထို့အပြင် ကျောင်းသားများ နောက်ဆုံးတောင်းဆိုထားသော တောင်းဆိုချက်ရှစ်ချက်သည် အစိုးရအနေဖြင့် မေတ္တာရှေ့ထားကာ သားသမီးများသဖွယ်သဘောထား၍ လိုက်လျောလျှင် လိုက်လျောနိုင်သော အချက်များဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သပိတ်မှောက်ကျောင်းသား များဘက်ကလည်း ညှိနှိုင်းဆွေးနွေးမှုရလဒ်များကို လက်ခံကာ ညီညီညွတ်ညွတ်ငြိမ်းငြိမ်းချမ်းချမ်းဖြင့်  မိမိတို့လိုလားချက်ရရှိအောင် ဆောင်ရွက်ကြရန် မေတ္တာရပ်ခံတိုက်တွန်းကြောင်း  ဖော်ပြထားသည်။
 မန္တလေးမှရန်ကုန်မြို့သို့ ခရီး ရှည်ချီတက်လာသော ပင်မ သပိတ်စစ်ကြောင်းသည် အခြေခံ ပညာကျောင်းများ စာမေးပွဲဖြေ ဆိုချိန်အတွင်း သပိတ်စစ်ကြောင်း ရောက်ရှိသည့် လက်ပံတန်းမြို့ တွင် ဖေဖော်ဝါရီ ၁၈ ရက်မှစတင် ၍ ၁၀ ရက်ရပ်နားခဲ့ကာ မတ်လ ၂ ရက် သပိတ်စစ်ကြောင်းများ ပြန်လည်ထွက်ခွာရန် လုပ်ဆောင်ချိန်တွင် တားဆီးထားခြင်းဖြစ်သည်။
http://7daydaily.com/story/33053#.VPfMWo4YuM8

No comments:

Post a Comment