၂၀၁၆ - ၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ - ၂၁ ဘဏ္ဍာနှစ်အထိ လေးနှစ်စီမံကိန်းချမှတ် ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)မှ အဆင့်မြင့်အရာရှိ
တစ်ဦးကပြောသည်။
ထိုကဲ့သို့ ချမှတ်ဆောင်ရွက်မည့် National Education Sector Plan (2016 - 2021)
အစီအစဉ်အရ ပထမအဆင့်အနေဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ အဆင့်မြင့်ပညာကဏ္ဍ
တစ်ခုလုံးနှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် စီမံကိန်းများ ရေးဆွဲရန် ပြင်ဆင်ဆောင်ရွက်လျက်
ရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)မှ ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာဇော်မြင့်က ပြောသည်။
"အခုဆောင်ရွက်မယ့် နောင်လာမယ့် လေးနှစ်စီမံကိန်းအတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့
တက္ကသိုလ်တွေအကုန်လုံးကို ကိုယ့်တက္ကသိုလ်ရဲ့ လုပ်ဆောင်ခဲ့တဲ့ သက်တမ်းအလိုက်
အတွေ့အကြုံတွေကို အခြေခံပြီးတော့ အကြောင်းအရာတွေကို ရေးသားပြုစုပြီး ဖေဖော်ဝါရီ
၂၇ ရက်အရောက် ပေးပို့ ခိုင်းထားပါတယ်။ တက္ကသိုလ်အလိုက် တစ်ခုချင်း ရလာမယ့်
Result ကို ကြည့်ပြီး စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မယ်။ အဲဒီမှာ
အားနည်းချက်တွေ၊ အားသာချက်တွေ အနည်းနဲ့ အများရှိလာမယ်။ အားနည်းချက်တွေက
ရှေ့ဆက်မယ့် လေးနှစ်စီမံကိန်းထဲမှာ ပြင်ဆင်သွားရမယ့် အရာတွေဖြစ်မယ်။ အားသာချက်တွေ
ကိုလည်း မှတ်တမ်းတင်ထားပြီးတော့ ဒီအတိုင်း ရှေ့ဆက်သွားရင် ပိုပြီးတော့ ကောင်းလာနိုင်လား၊
ဘယ်လိုအခြေအနေက ပိုကောင်းလာနိုင်မလဲဆိုတာကို ဆွေးနွေးပြီးတော့ အကောင်အထည်ဖော်
သွားမယ်"ဟု ၎င်းက ပြောသည်။
အဆင်မြင့်ပညာဦးစီးဌာနသို့ ရေးသားပေးပို့ရမည့် အကြောင်းအရာများတွင် လွန်ခဲ့သည့် သုံးနှစ်မှ
ငါးနှစ်အတွင်း ဆောင်ရွက်ခဲ့သော အဓိကကျသည့်စနစ် (Education System)
ပြုပြင်ပြောင်းလဲမှုများ၊ လွန်ခဲ့သည့် သုံးနှစ်မှငါးနှစ်အတွင်း ဆောင်ရွက်ခဲ့သော ပညာရေး
ဝန်ဆောင်မှု (Service Delivery) ဆိုင်ရာပြုပြင်ပြောင်းလဲမှုများ၊ နောင်လာမည့် ငါးနှစ်အတွင်း
ဖြစ်ပေါ်လာနိုင်သည့် အဓိက စိန်ခေါ်မှုများ၊ အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့်
အဆိုပြုနည်းစနစ်များ စသည်များကို ရေးသား ပေးပို့ရမည်ဖြစ်သည်။
ထို့ပြင် တက္ကသိုလ်များအတွင်း ကိုယ်ပိုင် အုပ်ချုပ်ရေးကိစ္စများ၊ အိမ်နီးချင်းအာဆီယံ နိုင်ငံများတွင်
ကျင့်သုံးလျက်ရှိသော ပညာရေး နည်းစနစ်တို့ကိုလည်း စီမံကိန်းအတွင်း ဆက်လက်ဆွေးနွေး
အကောင်အထည်ဖော်သွားမည်ဟု ဒေါက်တာဇော်မြင့်က ပြောသည်။
"တက္ကသိုလ်တွေ ကိုယ်ပိုင်အုပ်ချုပ်ရေးကိစ္စက အမျိုးသားပညာရေး ဥပဒေထဲမှာလည်းပါတယ်။
လွှတ်တော်ထဲမှာလည်း ဆွေး နွေးနေကြပါပြီ။ အိမ်နီးချင်းနိုင်ငံတွေက အဆင့်မြင့်ပညာရေး
မှာလည်း တက္ကသိုလ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာ ရှိပါတယ်။ နောက်ပြီး အိမ်နီးချင်း
အာဆီယံနိုင်ငံတွေအပြင် အနောက်နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ အောင်မြင်မှုရှိတဲ့ ပညာရေး
နည်းစနစ်တွေကိုလည်း ကိုယ့်နိုင်ငံနဲ့ ကိုက်ညီမယ်ဆိုရင် ပြဋ္ဌာန်းဖို့ အဆင်သင့်ပါပဲ"ဟု ၎င်းက
ပြောသည်။
မြန်မာနိုင်ငံရှိ တက္ကသိုလ်အများစု၌ တက္ကသိုလ် အရည်အသွေး အာမခံစနစ်
(Quality Assurance System) ကို စတင် ကျင့်သုံးလျက်ရှိသည်။
အဆင့်မြင့်ပညာဦးစီးဌာန အောက်တွင် တက္ကသိုလ်၊ ကောလိပ် ၁၆၉ ခုရှိပြီး သိပံ္ပနှင့် နည်းပညာ
ဝန်ကြီးဌာနအပါအ၀င် အခြား ၀န်ကြီးဌာနတို့၌ အခြားသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ
ပါဝင်သည့် တက္ကသိုလ် ၄၀ ခန့် ရှိနေသည်။
http://myanmar.mmtimes.com/index.php/national-news/13754-2015-03-10-09-59-02.html |
No comments:
Post a Comment