March 3, 2015

ဝါရင့်နိုင်ငံရေးသမားကြီး သခင်တင်မြ ကွယ်လွန်

ရန်ကုန်၊ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် နာမည်ကျော်ကြားခဲ့သော ၁၃၀၀ ပြည့် အရေးတော်ပုံ ကာလမှ နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ ဖဆပလနှင့် ပထစအစိုးရခေတ်၊ စစ်အစိုးရခေတ်နှင့် သမ္မတဦးသိန်းစိန် လက်ထက်တိုင်အောင် ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သော ဝါရင့်နိုင်ငံရေးသမားကြီး သခင်တင်မြ ယနေ့ နံနက် ၇ နာရီခန့်က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ၁၃ ရပ်ကွက်ရှိ သူ့၏ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ် ရှိပြီဖြစ်သော သခင်တင်မြမှာ ၂၀၁၃ ခုနှစ်ခန့်တည်းက ကျန်းမာရေး ချို့ယွင်းလာခဲ့သဖြင့် လွန်ခဲ့သော ၆ လမှ စတင်ကာ အိပ်ရာ၌ လဲလျောင်းနေရသဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့််၊ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည်၊ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်တို့က ဆေးဝါးကုသရန် ထောက်ပံ့ပေးခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်သန်းသန်းညွန့်က ပြောကြားသည်။
“မတ်လ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ရေဝေးသုသာန်မှာ သဂြုင်္ိဟ်မယ်” ဟု ဒေါ်သန်းသန်းညွန့်က ဆက်လက်ပြောဆိုသည်။

ဧရာဝတီတိုင်း ဓနုဖြူမြို့တွင် ၁၉၂၄ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က မွေးဖွားခဲ့သူ သခင်တင်မြမှာ ၁၃၀၀ ပြည့် အရေးတော်ပုံမှ နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ဒို့ဗမာအစည်းအရုံးဝင် အသက်အငယ်ဆုံး သခင်တစ်ဦး ဖြစ်လာခဲ့ပြီး နောက်တစ်နှစ်အကြာ တရားစွဲဆို ထောင်ချခံခဲ့ရပြီး ၁၉၄၁ ခုနှစ်တွင် ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့သည်။

၁၉၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌ ပြုလုပ်သည့် ဖက်ဆစ်တော်လှန်ရေး ဆွေးနွေးပွဲတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ကိုယ်စားပြု တက်ရောက်ခဲ့ပြီး ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး (ဖဆပလ) အဖွဲ့ဝင် ဖြစ်လာသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ မြေပေါ်ပါတီအဖြစ် တရားဝင် ရပ်တည်ချိန်တွင် ဗဟိုကော်မတီဝင် ဖြစ်လာခဲ့ပြီး ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲသည့်အခါ သခင်စိုး ဦးဆောင်သည့် အလံနီ ကွန်မြူနစ်ပါတီဘက်မှ ရပ်တည်ခဲ့သူ ဖြစ်သည်။ သို့သော် လွတ်လပ်ရေးရပြီး တစ်နှစ်အကြာ ၁၉၄၉ ခုနှစ်တွင် အလံနီပါတီမှ နုတ်ထွက်၍ ဗမာပြည်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်တောခိုခဲ့ပြီး ရန်ကုန်မြေအောက်စည်းရုံးရေး တာဝန်ခံ ထမ်းဆောင်နေစဉ်အတွင်း ၁၉၅၈ ခုနှစ်တွင် အစိုးရ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

အဖမ်းခံရစဉ်အတွင်း နိုင်ငံရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းလေ့လာသူများအကြား ရေးပန်းစားခဲ့သော “ဘုံဘဝမှာဖြင့်” ကိုယ်ရေးအတ္ထုပ္ပတ္တိကို စတင်ရေးသားခဲ့သည်။ ထိုစာအုပ် ရေးသားနေစဉ် ဗမာပြည်ကွန်မြူနစ်ပါတီမှ နုတ်ထွက်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံပြီး ၁၉၆၂ ခုနှစ်တွင် မဆလ အမြုတေပါတီတွင် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ပထမအကြိမ် ပါတီညီလာခံမှာ ဗဟိုကော်မတီဝင်အဖြစ် ၁၉၇၁ ခုနှစ်တွင် ရွေးချယ်ခံရကာ ၁၉၇၇ ခုနှစ်တွင် ထုတ်ပယ်ခံရပြီးနောက် နိုင်ငံ့ဂုဏ်ရည် ပထမဆင့် ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံအတွင်း ဒေါ်အောင်ဆန်းစုကြည်အား ကူညီမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီးနောက် ထောင်အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။

ဆီးကျိတ်ဝေဒနာကြောင့် ၁၉၉၃ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့ရာမှ နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားမှု မရှိတော့ဘဲ သမိုင်းမှတ်တမ်း ရေးသားပြုစုခဲ့ခြင်း၊ ဘုံဘဝမှာဖြင့် အမှားနှင့်အမှန်၊ ဘုံဘဝမှာဖြင့် ထပ်ချပ်မကွာ၊ ဘုံဘဝကိုဖြင့် မျှော်တိုင်းဝေး စသည့် သမိုင်းစာအုပ်များကို ရေးသားခဲ့သည်။
http://www.thevoicemyanmar.com/index.php/news/item/5926-war

No comments:

Post a Comment