March 6, 2015

မြောက်ဥက္ကလာပလူသတ်မှု တရားခံအားလုံးကို သေဒဏ်ချမှတ်

ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော မျက်နှာဖုံးစွပ် လူသတ်မှု၌ ပါဝင်သူ တရားခံသက်ဦးအပါအ၀င် ၁၅ ဦးကို မတ်လ ၅ ရက်က ပုဒ်မ ၃၀၂(၁)(ခ)/၃၄ အရ သေဒဏ်များချမှတ်ခဲ့သည်။
အဆိုပါအမှုမှာ ၂၀၁၁  နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီခွဲခန့်တွင် မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ(၆) လမ်းရှိ 6 Star စားသောက်ဆိုင်အတွင်းသို့ မျက်နှာ ဖုံးစွပ်ထားသူ ခြောက်ဦးက ဓားရှည်များကိုင်ဆောင်ကာ ကိုကျော်မင်းဆိုသူကို ဝိုင်းဝန်းခုတ်သတ်စဉ် ဆိုင်အပြင် သို့ ကိုကျော်မင်း ထွက်ပြေးခဲ့သော်လည်း အပြင်၌ အသင့်စောင့်နေသူများက ဓားဖြင့် ထပ်မံခုတ်ကြသော ကြောင့် သေဆုံးခဲ့သည့် အမှုဖြစ်သည်။
လွန်ခဲ့သော သုံးနှစ်ကျော်က ဖြစ်ပွားခဲ့သည့် အဆိုပါအမှုကို လုံခြုံရေးအခြေအနေအရ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှ မြောက်ပိုင်းခရိုင်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးခဲ့ပြီး အမိန့်ကို မတ်လ ၅ ရက် ညနေ ၄ နာရီတွင် မြောက်ပိုင်းခရိုင် တရားရုံး၌ ဒုခရိုင်တရားသူကြီး(၂)က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
မူလက အမိန့်ချမှတ်ရန် ဖေဖော်ဝါရီ ၂၇ ရက်ကို သတ် မှတ်ထားခဲ့သော်လည်း စစ်ဆေး ရန် ကျန်ရှိနေသေးသည့်အတွက် မတ်လ ၅ ရက်သို့ ပြောင်းလဲခဲ့သည်။ မတ်လ ၅ ရက်တွင် သေဆုံးသူ၏ မိခင်နှင့် ဆွေမျိုးအချို့အပါအ၀င် တရားခံများ၏ မိသားစုဝင်များလည်း တရားရုံးသို့ လာ ရောက်ခဲ့ကြသည်။
‘‘ဒီမှာ စစ်တဲ့အမှုတွေထဲမှာ တော့ လုံခြုံရေးအများဆုံး လုပ် ပေးရတဲ့ အမှုပါပဲ။ ကျွန်တော်တို့ လည်း မနက်ကတည်းက အမိန့် ချတဲ့အထိ ဘာမှမစားရသေးဘူး။ လာတဲ့လူလည်း တော်တော်များ တယ်’’ ဟု အစောင့်တာဝန်ကျရဲ ၀န်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါ အမှုအမိန့်ချမှတ်ရန်  လုံခြုံရေးရဲအင်အား ၈၀ ကျော် ချထားပြီး တရားခံများကို အမိန့်ချမှတ်ရန် ခေါ်ဆောင်လာသည့် လမ်းတွင် သတင်းရယူသူများက ဓာတ်ပုံရိုက်ကူးရာ၌ ပြစ်ဒဏ်ချခံရသူများနှင့် အတူပါလာသူများက ဆဲဆိုခြိမ်းခြောက် ပြောဆိုကြသော်လည်း ရဲတပ်ဖွဲ့ဝင်များက ကာကွယ်မှုမပေးခဲ့ပေ။
‘‘ကျွန်တော်တို့ သတင်းယူ ဖို့ သွားစောင့်နေတာ မနက်ကတည်းကပါ။ အမိန့်ချခံရတဲ့သူ တွေဘက်ကပါတဲ့သူတွေက ဓာတ်ပုံရိုက်လို့ဆိုပြီး ဆဲတယ်။ နောက်လူတချို့က ခဲတွေကိုင်ပြီး ဒီကောင်တွေကို ရိုက်ပစ်ကွာလို့ ပြောတဲ့သူတွေလည်း ပါတယ်။ ရဲတွေက တောင်းပန်ပြီးနောက်မှ သတင်းလာယူပါလို့ ပြောတယ်’’ ဟု The Voice Daily မှ ကိုမိုးကြိုး က ပြောသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍  သတင်းရယူသူများကို ကာ ကွယ်ပေးရန်မှာ ရဲဝန်ထမ်းများ၏ တာဝန်ဖြစ်ပြီး ခရိုင်ကဲ့သို့ တရား ရုံးတွင် ယခုကဲ့သို့ ခြိမ်းခြောက်ဆဲ ဆိုမှုပြုလုပ်သူများကို ပုဒ်မ ၃၀၇/ ၅၆၁ ဖြင့် အမှုဖွင့်အရေးယူနိုင် သည်ဟု တရားလွှတ်တော်ရှေ့ နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
http://7daydaily.com/story/33137#.VPkWqo4YuM8

No comments:

Post a Comment