March 11, 2015

အစၥလာမ္ဘာသာကို ကြောက်လန့်မှုနှင့် ရန်လိုမှုတွေကို တိုက်ဖျက်ရန် ဂျော်ဒန်ဘုရင် ပြော

ဓာတ်ပုံ - ရိုက်တာ  
ဓာတ်ပုံ - ရိုက်တာ
ဂျော်ဒန်ဘုရင်အဗ္ဗဒူလာက အစ္စလာမ်ဘာသာကို ရန်လိုနေရင် အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေကြား အစွန်းရောက်မှုကို မီးလောင်ရာ လေပင့်လုပ်ရာ ရောက်တယ်အပြင် ဥရောပက လူတွေကို အရှေ့အလယ်ပိုင်းမှာ လာတိုက်ဖို့ ဆွဲဆောင်နေတယ်လို့ ပြောပါတယ်။
အစ္စလာမ်ဘာသာနဲ့ ဘာသာဝင်တွေကို ကြောက်လန့်မှုတွေကို တိုက်ဖျက်ဖို့ ဥရောပတိုက်သားတွေကို သူက မတ် ၁၀ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။ ပြင်သစ်နိုင်ငံ စထရပ်စ်ဘော့ဂ်မြို့မှာ ကျင်းပတဲ့ ဥရောပလွှတ်တော်မှာ ပြောတဲ့ မိန့်ခွန်းအတွင်း ဂျော်ဒန်ဘုရင်က အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)စစ်သွေးကြွအရေးကနေ နာဇီဝါဒအထိ ဥရောပရဲ့ မချိုးနှိမ်နိုင်တဲ့သတ္တိကို ချီးကျူးပြောဆိုပါတယ်။
“ဒီနေ့ ကျနော်တို့ဟာ အမုန်းတရားကို စားသုံးကြီးထွားလာတဲ့ အတွေးအခေါ် ကျယ်ပြန့်မှု စစ်ပွဲကို ရင်ဆိုင်တိုက်ဖျက်နေရတယ်။ အစ္စလာမ်ဘာသာရဲ့ တန်ဖိုးနဲ့ လူသားထုရဲ့ တန်ဖိုးကို မလေးမစား လုပ်နေတဲ့ အကြမ်းဖက်သမားတွေကို ဆန့်ကျင်တဲ့စစ်ပွဲကို ဆင်နွှဲနေရတယ်။ ဘယ်ဘုရားနဲ့ ဘာသာရေးမှာ မဆို လူသတ်မှု ကျူးလွန်တာကို မကောင်း ဆိုးရွားလုပ်ရပ်အဖြစ် တရားစီရင်တယ်။ ဒါပေမယ့် တမန်တော် မိုဟာမက်ကို ကာတွန်းရုပ်ပြောင်ဆွဲတဲ့ ပြင်သစ်သရော်စာ မဂ္ဂဇင်းရဲ့ လုပ်ရပ်ကိုတော့ ပြစ်တင်ပြီး ဥရောပ အစိုးရတွေဟာ အားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်းနဲ့ အပြန်အလှန် လေးစားမှုတို့ကို တိုးမြှင့်ရမယ်။ တခြားလူ၊ သူတပါးရဲ့ယုံကြည်မှုနဲ့ ခံယူချက် ကို စော်ကားတာကို ရှေ့ဆက်လို့ မရဘူး။ အနာဂတ်မှာ ရှိရမှာက ညီညွတ်မှုနဲ့ လေးစားမှုပဲ၊ ပိုင်းခြားမှုနဲ့ ပုံသေကားချပ်ဘောင်တွေ မဟုတ်ဘူး”လို့ မွတ်စလင်ရွှေ့ပြောင်းနေထိုင်မှုကို ပြစ်တင်တဲ့ လက်ယာစွန်း အဖွဲ့ဝင်အများအပြား တက်ရောက်နေတဲ့ လွှတ်တော်အတွင်း ဂျော်ဒန်ဘုရင်က ပြောပါတယ်။
အိုင်အက်စ် အကြမ်းဖက်စစ်သွေးကြွတွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဆီးရီးယားနိုင်ငံထဲ ပျက်ကျခဲ့တဲ့ လေယာဉ်က ဂျော်ဒန်လေယာဉ်မှူးကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့ပြီးတည်းက ဂျော်ဒန်ဟာ ဆီးရီးယားနဲ့ အီရတ်က အိုင်အက်စ်စစ်သွေးကြွတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆင်နွှဲရာမှာ ခေါင်းဆောင်တဲ့ အခန်းကဏ္ဍကို ယူထားပါတယ်။

No comments:

Post a Comment