November 10, 2014

ကောလာဟလကြောင့် ကမ္ဘောဇဘဏ် ATM စက်များကို လုံခြုံရေးတင်းကျပ်

ရန်ကုန်၊ နိုဝင်ဘာ ၉

ရန်ကုန်မြို့တော်အတွင်းရှိ ကမ္ဘောဇဘဏ်ရှိ ATM စက်တစ်ခုမှ ATM ကတ်အတုဖြင့် ငွေသားများ ထုတ်ယူခံရသည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်လာမှုကြောင့် နိုဝင်ဘာလ ၉ ရက်နေ့က ယင်းဘဏ်ပိုင် အဆိုပါ ငွေထုတ်စက်များတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း ကမ္ဘောဇဘဏ် အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက ပြောကြားသည်။ “မနေ့ကတည်းက ဒီကောလာဟလ သတင်းပျံ့နေတာ၊ ဒါကြောင့် ဒီနေ့ ရန်ကုန်မြို့ထဲမှာ ရှိတဲ့ ငွေထုတ်စက်တွေကို လုံခြုံရေးပိုင်း စစ်ဆေးမှုတွေ လုပ်ခဲ့တယ်” ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန်မြို့တော်အတွင်းရှိ ကမ္ဘောဇဘဏ်၏ ATM စက်တစ်ခုမှ ငွေထုတ်ကတ် အတုဖြင့် ငွေများ ထုတ်ယူသွားသည်ဆိုသော သတင်းကို ဘဏ်မှ တာဝန်ရှိသူများက မှန်မမှန်ကို ထုတ်ဖော်မပြောကြားသော်လည်း ကွန်ပျူတာကျွမ်းကျင်သူ အမျိုးသားတစ်ဦးက ငွေထုတ်ကတ် အတုဖြင့် ငွေများ လိမ်လည်ထုတ်ယူခဲ့မှုကို ရဲတပ်ဖွဲ့က စတင်စုံစမ်းမှုများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သော အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“ATM စက်တိုင်းမှာ လုံခြုံရေး ကင်မရာတွေ ရှိပါတယ်။ ဒီကောလာဟလသတင်း ထွက်ပေါ်လာမှုကြောင့် စက်မှာ ငွေလာထုတ်သူတွေ အထူးသဖြင့် နိုင်ငံခြားသားကအစ သတိထားစောင့်ကြည့်နေဖို့ ဘဏ်က တာဝန်ရှိသူတွေက လာမှာထားတာတွေ ရှိပါတယ်” ဟု ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ ငွေထုတ်စက်မှ လုံခြုံရေး ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အနှံ့အပြားတွင် ကမ္ဘောဇဘဏ်၏ ATM ငွေထုတ်စက် အလုံး ၅၀ နီးပါး တပ်ဆင်ထားပြီး ၂၄ နာရီ အချိန်ပြည့် ငွေထုတ်ယူနိုင်ကြောင်း အဆိုပါဘဏ်၏ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ATM စက်များနဲ့ ပတ်သက်ပြီး နည်းပညာ မြင့်မားသည့် အမေရိကန်၊ ဂျပန်လိုနိုင်ငံများ၌ပင် ကတ်အတုဖြင့် လိမ်ထုတ်ခြင်း၊ ယင်းစက်ကို အလုံးလိုက် ကရိန်းဖြင့် မယူခြင်းမျိုးလည်း ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ထားရှိသော ATM စက်များ၏ ငွေသားလုံခြုံရေးအတွက် လုံခြုံရေးကင်မရာများ ထားရှိရန် လိုအပ်ကြောင်း သမဝါယမဘဏ် (CB Bank) မှ အကြီးတန်းအရာရှိ ဦးခင်မြင့်က ပြောကြားသည်။

“ဈေးဝယ်စင်တာတွေ၊ ကုန်တိုက်တွေနားမှာ ရှိတဲ့ ATM စက်တွေမှာ လုံခြုံရေးအစောင့်တွေ မရှိဘူး၊ ငွေလာထုတ်သူရဲ့ ကုတ်နံပါတ်ကို ကင်မရာနဲ့ ခိုးရိုက်ပြီး အဲ့ဒီကုတ်နံပါတ်နဲ့ လာခိုးထုတ်တာမျိုးတွေ ဖြစ်ဖူးတယ်၊ လက်ရှိ မြန်မာပြည်မှာရှိတဲ့ ပုဂ္ဂလိကဘဏ်တေ အားလုံးက ATM စက်တွေအတွက် လုံခြုံရေး အားဖြည့်တာမျိုးအပြင် စက်ပိုင်းဆိုင်ရာ စိတ်ချရအောင် ဂျပန်က နည်းပညာတွေနဲ့ ပူးပေါင်းပြီး အကြံဉာဏ်ယူတာတွေပါ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ရှင်းပြသည်။
- See more at: http://www.thevoicemyanmar.com/index.php/news/item/3970-klh#sthash.vRI8TJXd.dpuf

No comments:

Post a Comment