November 13, 2014

ဆေးယဉ်ပါး တီဘီလူနာများ ကိုးလသာ ဆေးသောက်ရမည့် ကုထုံးသစ် မြန်မာနိုင်ငံတွင် စမ်းသပ်မည်

၂ နှစ်ကြာဆေးဝါး သောက်သုံးရသည့် ဆေးယဉ်ပါး တီဘီရောဂါကို ကိုးလသာ ဆေးသောက်ရုံနှင့် ကုသနိုင်မည့် စမ်းသပ် သုတေသန လုပ်ငန်းအား ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ၏ ဌာနေ တွဲဖက်ကျန်းမာရေး ညွှန်ကြားရေးမှူး ဒေါက်တာဘုန်းသစ်က The Voice သို့ ပြောကြားသည်။

ဆေးယဉ်ပါး တီဘီလူနာများ အနက်မှ ဆရာဝန်၏ ရွေးချယ်မှုနှင့် လူနာ၏ သဘောတူညီမှုပေါ် မူတည်၍ ကုထုံးသစ်ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (ILO) တို့က အဆိုပါ ကုထုံးအသစ်ကို လက်ခံပါက ကုထုံးအသစ်ကို ပြောင်းလဲကုသသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ဘယ်လိုလုပ်မလဲ၊ ဘာတွေလုပ်မှာလဲ ဆိုတာတော့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ဆွေးနွေးညှိနှိုင်းဆဲ အဆင့်မှာပါ။ ၂ နှစ်ကနေ ကိုးလအထိ လျှော့ချတဲ့ သုတေသနတွေကို တခြားနိုင်ငံတွေမှာ လုပ်ခဲ့ပါတယ်။ အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။ ကိုးလနဲ့ ပျောက်အောင် ကုနိုင်ခဲ့တယ်” ဟု ဒေါက်တာဘုန်းသစ်က ဆိုသည်။

မြန်မာနိုင်ငံ အပါအဝင် ရှစ်နိုင်ငံတွင် ဆေးယဉ်ပါးတီဘီ လူနာအသစ် သုံးဦးတွင် တစ်ဦးသည် တီဘီဆေး လုံးဝမသောက်ဖူးသူ ဖြစ်သည့်အတွက် ဆေးယဉ်ပါးတီဘီ ကူးစက်ခံရမှုမှာ လေမှတစ်ဆင့် ကူးစက်ခံရခြင်း ပိုများကြောင်း MSF ထံမှသိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဆေးယဉ်ပါး တီဘီလူနာအသစ် ၈,၀၀၀ ခန့် ကူးစက်ခံနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထားသော်လည်း လက်ရှိတွင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ ဆေးယဉ်ပါး တီဘီလူနာများ ၁၅၀၀ ဝန်းကျင်ကိုသာ ဆေးဝါးထောက်ပံ့ ပေးနိုင်သေးကြောင်း တီဘီရောဂါ တိုက်ဖျက်ရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
- See more at: http://www.thevoicemyanmar.com/index.php/news/item/4011-syp#sthash.INM5IG5p.dpuf

No comments:

Post a Comment