November 13, 2014

အာဆီယံထိပ်သီး အစည်းအဝေးမတိုင်မီ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းရှိ ပြဿနာများ ဖြေရှင်းပေးရန် DDA တောင်းဆို

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်လည် စတင်ရန် လုပ်ပိုင်ခွင့် ပေးခြင်းကို ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ကြေညာမည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း နယ်မြေအတွင်း ဖြစ်ပေါ်နေသော ပြဿနာကို ယင်းထိပ်သီး အစည်းအဝေး မတိုင်မီ အချိန်အတွင်း ဖြေရှင်းပေးရန် ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ (DDA) က တောင်းဆိုကြောင်း အဆိုပါ ညွန်ကြားရေးမှူး ဦးဘိုဘိုအောင်က ပြောကြားသည်။

အဆိုပါ ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီတွင် ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့နှင့် ဒေသခံများက မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့အား ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော ပြဿနာများကို တာဝန်ယူ ဖြေရှင်းပေးရန်၊ ပွင့်လင်း မြင်သာမှုကို အာမခံပေးရန်၊ အီတာလျံ ထိုင်းကုမ္ပဏီ၏ စီမံကိန်းတွင် အနာဂတ် ပါဝင်ပတ်သက်မှုနှင့် သက်ဆိုင်သော သတင်း အချက်အလက်များကို ထုတ်ပြန်ပေးရန်၊ စီမံကိန်းကြောင့် ဖြစ်ပေါ်ခဲ့သော ထိခိုက်မှုများကို တာဝန်ယူပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ကနဦးအဆင့် စီမံကိန်းကို အာဆီယံ ထိပ်သီး အစည်းအဝေးအတွင်း မြန်မာအစိုးရက ထိုင်းကုမ္ပဏီ နှစ်ခုဖြစ်သော အီတာလျံ ကုမ္ပဏီနှင့် ရိုဂျာနာ စက်မှုဇုန် လီမီတက်တို့ကို စီမံကိန်း ကနဦးအဆင့်အား ဖက်စပ်လုပ်ပိုင်ခွင့် ကြေညာမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် ယင်းသို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ကနဦး စီမံကိန်းတွင် ဆိပ်ကမ်း အသေးတစ်ခု၊ နှစ်လမ်းသွား လမ်းမကြီး၊ ရေလှောင်တမံနှင့် ဆက်သွယ်ရေး စနစ်များကို လုပ်ကိုင်ရန် ယင်းကုမ္ပဏီ ဖက်စပ် လုပ်ပိုင်ခွင့်ပြုမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းမီဒီယာများ၏ အင်တာနက် စာမျက်နှာအချို့တွင် ဖော်ပြလျက် ရှိသည်။

အဆိုပါ စီမံကိန်းကို ယခင်လုပ်ပိုင်ခွင့် ရထားသော အီတာလျံထိုင်းကိုသာ ပြန်လည် လွှဲပေးမည် ဖြစ်သောကြောင့် ထားဝယ် ဒေသခံများက စိုးရိမ်လျက် ရှိကြောင်း DDA ညွှန်ကြားရေးမှူး ဦးဘိုဘိုအောင်က ဆိုသည်။

အီတာလျံ ထိုင်းကုမ္ပဏီက အဆိုပါ စီမံကိန်းကို ဆောင်ရွက်စဉ်တွင် မြေယာ သိမ်းဆည်းမှုများ၊ မျှတမှုမရှိသော လျော်ကြေးနှင့် ပြောင်းရွှေ့ နေရာချထားမှုများ၊ လယ်ယာမြေနှင့် သစ်တောများ ဆုံးရှုံးမှုအတွက် နစ်နာကြေးမရရှိမှုများ ဖြစ်ခဲ့ဖူးကြောင်း DDA ထံမှသိရှိရသည်။

အောက်တိုဘာလ အတွင်းတွင် ထိုင်းလူ့အခွင့်အရေး ကော်မရှင်က ထားဝယ် ဒေသခံများနှင့် ထားဝယ် ဖွံ့ဖြိုး ရေးအဖွဲ့ စီမံကိန်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အကြောင်းအရာ စစ်ဆေး မေးမြန်းမှု ပြုလုပ်ခဲ့သော်လည်း ယင်းလူ့အခွင့်အရေး ချိုးဖောက်မှုများသည် ထိုင်းအစိုးရတွင် တာဝန်မရှိဘဲ မြန်မာအစိုးရနှင့် ထိုင်းအီတာလျံ ကုမ္ပဏီတို့တွင်သာ တာဝန်ရှိကြောင်း ထုတ်ပြန် ပြောဆိုခဲ့သည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရန် ၂၀၀၈ ခုနှစ်တွင် မြန်မာနှင့် ထိုင်းအစိုးရတို့က နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် စတင်အကောင်အထည် ဖော်ခဲ့သော်လည်း ၂၀၁၃ နိုဝင်ဘာတွင် မြန်မာနှင့် ထိုင်းအစိုးရတို့သည် စီမံကိန်း လုပ်ပိုင်ခွင့်အား အီတာလျံ ထိုင်းဆီမှ ရုပ်သိမ်းလိုက်ပြီး အစိုးရနှစ်ရပ် ဆတူရှယ်ယာ ပါဝင်သော အသစ်ဖွဲ့စည်းလိုက်သည့် ထားဝယ် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမီတက်သို့ လွှဲအပ်ခဲ့သည်။
- See more at: http://www.thevoicemyanmar.com/index.php/news/item/4006-asy#sthash.Fg3Bqlon.dpuf

No comments:

Post a Comment