ကမ်းနားလမ်းရှိ ရန်ကုန်စာတိုက်ကြီး (ဓာတ်ပုံ - ကျော်ဇင်သန်း)
မြန်မာနိုင်ငံ၏ စာတိုက်လုပ်ငန်း ရှေ့ဆက်ဖွံ့ဖြိုးရေးအတွက်
လိုအပ်သည်များကိုထောက်ပံ့ကူညီပေးသွားမည်ဟု ဂျပန်ဝန်ကြီးချုပ်
ရှင်ဇိုအာဘေးကပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက်တွင် ရန်ကုန်စာတိုက်ကြီးသို့
လာရောက်ရာ၌ ကတိပြုပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
‘‘ဂျပန်အစိုးရက စာပို့လုပ် ငန်းအတွက် နည်းပညာနဲ့ နည်းစနစ်တွေ ကူညီပေးသွားဖို့အတွက် အရင်ကတည်းက သဘောတူ ထားပါတယ်။ အခုတော့ ၀န်ကြီး ချုပ်က စာပို့လုပ်ငန်းဖွံ့ဖြိုးရေး အတွက် နည်းစနစ်တင်မကဘဲ တခြားလိုအပ်တာတွေကိုလည်း ကူညီပေးမယ်လို့ ပြောသွားတဲ့ အတွက် အထောက်အပံ့တွေ ပိုပြီး ရလာနိုင်ပါတယ်’’ဟု ရန်ကုန် စာတိုက်ကြီးမှ တာဝန်ခံအရာရှိ ဦးရွှေထွန်းမောင်ကပြောသည်။
လက်ရှိတွင် ဂျပန်နိုင်ငံမှ ပညာရှင်အဖွဲ့သည် မြန်မာ့စာပို့ လုပ်ငန်း၏လိုအပ်ချက်အချို့ကို ပြုပြင်ပြောင်းလဲမှုလုပ်ရန် အကြံ ပြုထားပြီး စာဖြန့်ဝေသည့်စနစ်၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတို့ ကို အချိန်နှင့် တစ်ပြေးညီဖြစ်စေရန် နည်းစနစ်အချို့သင်ပြပေးခဲ့ပြီး လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်း အချို့ကိုလည်း ထောက်ပံ့ပေးထားကြောင်း သတင်းရရှိသည်။
ဂျပန်နိုင်ငံရှိ စာတိုက်လုပ် ငန်းသည် စာပို့သည့် ၀န်ဆောင်မှု တစ်ခုတည်းကိုသာ ပြုလုပ်ခြင်း မဟုတ်ဘဲ အာမခံလုပ်ငန်း၊ ငွေလွှဲ လုပ်ငန်းနှင့် ငွေစုခြင်းလုပ်ငန်း စသည့် လုပ်ငန်းများကိုပါ တွဲလုပ် သည့်အတွက် မြန်မာနိုင်ငံတွင် စာတိုက်လုပ်ငန်းမှ ၀င်ငွေရရှိနိုင် ရန်ဝန်ဆောင်မှု အသစ်များတိုးချဲ့ ရေးအကြံပြုထားကြောင်း သတင်းရရှိသည်။
ဂျပန်ပညာရှင်အဖွဲ့အနေ ဖြင့် မြန်မာ့စာပို့လုပ်ငန်းကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် လစဉ်စစ်တမ်းများ ကောက်ယူနေ ပြီး နည်းပညာနှင့် နည်းစနစ်များ ထောက်ပံ့ပေးသွားရန်အတွက် လေ့လာမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။
http://7daydaily.com/story/25109#.VGrYdFcYuM8

No comments:
Post a Comment