ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်လာမည်ဖြစ်ပြီး လက်ရှိတွင် စီမံကိန်းစတင်နိုင်ရန် ယင်းစီမံကိန်းအား စတင်လုပ်ကိုင်ခဲ့သည့် အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် စုပေါင်းကုမ္ပဏီအဖွဲ့တို့က အသေးစားစီမံကိန်းလုပ်များအား စတင်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအေးမြင့်က ပြောကြားသည်။
“စီမံကိန်းတွေစတင်ဖို့ လုပ်ငန်းစာချုပ်တွေချုပ်ဖို့ ညှိနေတယ်။ စီမံကိန်းအကောင်အထည်ဖော်ဖို့က အီတာလျံ-ထိုင်းသက်သက် မဟုတ်တော့ဘူး။ သူရယ် တခြားကုမ္ပဏီတစ်ခု ပေါင်းထားတဲ့ ကုမ္ပဏီတစ်ခုနဲ့ ကနဦးစီမံကိန်းတွေ စလုပ်မယ်။ လမ်းတွေဆိပ်ကမ်းတွေ လူနေအိမ်တွေ စက်မှုဇုန်သေးသေးလေးတွေပဲ စလုပ်မယ်။ အခုလောလောဆယ်မှာ ဒီစီမံကိန်းက မဲခေါင်အိန္ဒိယ ကော်ရစ်တာတစ်ခုလုံးမှာ ဘယ်လောက်အရေးပါလဲ။ စက်မှုကဏ္ဍ ဘယ်လောက်ပါမလဲဆိုတာနဲ့ အစိုးရနဲ့ ပုဂ္ဂလိက ဘယ်လောက်ပါနိုင်မလဲ ဆိုတာတွေနဲ့ EIA၊ SIA ပါမယ်။ ဒုတိယအဆင့်ကျမှ ဂျပန်တွေ ဝင်လာမယ်” ဟု ဦးအေးမြင့်ကဆိုသည်။
ထားဝယ်အထူးစီးပွားရေးဇုန်အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် ဂျပန်နိုင်ငံက ဒေါ်လာခုနစ်သိန်းခန့် အကုန်အကျခံ၍ သုတေသနသုံးခု လုပ်ဆောင်ပေးမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ပထမသုံးလပတ်အတွင်း အပြီးလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါစီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်ကူညီရေးအတွက် အောက်တိုဘာ ၁၄ ရက်က ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအေးမြင့်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံ ဒုတိယဝန်ကြီး H.E.Mr. Ishiguro၊ ဂျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဂျပန်-မြန်မာအသင်းဥက္ကဌနှင့် ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဂျပန်နိုင်ငံက လုပ်ဆောင်ပေးမည့် သုတေသနလုပ်ငန်းသုံးခုမှာ မြန်မာနိုင်ငံ စက်မှုလုပ်ငန်းဆိုင်ရာ စီမံကိန်းနှင့် မဲခေါင်-အိန္ဒိယ တောင်ဘက်စီးပွားရေးစင်္ကြံဖွံ့ဖြိုးမှု တိုးမြင့်စေရေး သုတေသနလုပ်ငန်း၊ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာအထောက်အကူပြုနိုင်မည့် လေ့လာသုံးသပ်ရေး သုတေသနလုပ်ငန်းနှင့် ထားဝယ်အထူးစီးပွားရေးဇုန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ငွေကြေးပူးပေါင်းဆောင်ရွက်ရေး သုတေသနလုပ်ငန်း သုံးခုတို့အား ဒေါ်လာခုနစ်သိန်းခန့် အကုန်အကျခံ ဆောင်ရွက်မည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ပထမသုံးလပတ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂ဝဝ၈ ခုနှစ်မှ စတင်ခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှာ လက်ရှိကာလအထိ စီမံကိန်းများလိုအပ်သည့် အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခြင်း မရှိသည့်အပြင် စီမံကိန်းအား ဦးဆောင်လုပ်ခဲ့သည့် ထိုင်းနိုင်ငံအခြေစိုက် အီတာလျှံ-ထိုင်း ကုမ္ပဏီမှ ငွေစိုက်ထုတ်နိုင်မှု အခက်အခဲကြောင့် နှုတ်ထွက်သည့် အနေအထားများနှင့် ရင်ဆိုင်ခဲ့ရကာ စီမံကိန်းအောင်မြင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပင်မကုမ္ပဏီဖြစ်သည့် Special Purpose Vehicle-1 အား နှစ်နိုင်ငံပူးတွဲတည်ထောင်၍ ကုမ္ပဏီမှတ်ပုံတင်မှုအား ထိုင်းနိုင်ငံတွင် တည်ထောင်မှတ်ပုံတင်ခဲ့သဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်အား ထိုင်းနိုင်ငံမှ အလုံးစုံချုပ်ကိုင်မည်ဟု ပြည်သူများစိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါစီမံကိန်းအား မြန်မာနိုင်ငံမှသာ ချုပ်ကိုင်မည်ဖြစ်ကြောင်း ဦးအေးမြင့်က ပြောကြားထားသည်။
ကာလရှည်ရပ်နားထားသော ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ကနဦး အခြေခံအဆောက်အအုံဆောက်လုပ်ခြင်း စီမံကိန်းနှင့် ဆက်လက်အကောင်အထည်ဖော်မည့် စီမံကိန်းဟူ၍ နှစ်ပိုင်းခွဲခြားလုပ်ဆောင်ရန် စီစဉ်ထားပြီး လုပ်ငန်းစီမံကိန်းခုနစ်ခုဖြင့် ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင်ပြီးစီးရန် လျာထားကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းခုနစ်ခုမှာ နှစ်လမ်းသွားကားလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦးစက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ လူနေအဆောက်အအုံနှင့် မြို့ပြစီမံကိန်း၊ ရေပေးဝေရေးနှင့် ဆက်သွယ်ရေးလိုင်းတို့ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်မှာ ဒေါ်လာရှစ်ဘီလျံခန့် ကုန်ကျနိုင်မည်ကြောင်း သိရသည်။
http://www.news-eleven.com/business/%E1%80%91%E1%80%AC%E1%80%B8%E1%81%80%E1%80%9A%E1%80%B9%E1%80%A1%E1%80%91%E1%80%B0%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%87%E1%80%AF%E1%80%94%E1%80%B9-%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%80%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%82%E1%80%BA%E1%80%95%E1%80%94%E1%80%B9%E1%80%95%E1%80%AB%E1%81%80%E1%80%84%E1%80%B9%E1%80%9C%E1%80%AC%E1%80%99%E1%80%8A%E1%80%B9%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%81%BF%E1%80%95%E1%80%AE%E1%80%B8-%E1%80%9C%E1%80%80%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%A1%E1%80%AE%E1%80%90%E1%80%AC%E1%80%9C%E1%80%BA%E1%80%B6
No comments:
Post a Comment