November 26, 2014

အင်န်အယ်လ်ဒီနှင့် တိုင်းရင်းသားများကန့် ကွက်သော်လည်း ပီအာဒီဇိုင်းနှစ်မျိုး အတည်ပြု

အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ကန့်ကွက်ခဲ့သော်လည်း နောင်လာမည့် ရွေးကောက်ပွဲများတွင် အမျိုးသား လွှတ်တော်အတွက် ရွေးချယ်ထားသည့် အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) ဒီဇိုင်းနှစ်မျိုးကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည်။
Parliament-2
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြု ရွေးချယ်ရေး ကော်မရှင်က နိုဝင်ဘာ ၂၄ရက်က အစီရင်ခံစာ တင်သွင်းအပြီး အင်န်အယ်လ်ဒီပါတီနှင့် တိုင်းရင်းသား ကိုယ်စားလှယ် ၂၄ ဦးက မတ်တပ်ရပ်၍ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
ယနေ့တင်ပြသည့် ပီအာရ်ဒီဇိုင်းတစ်မျိုးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုမှ ကိုယ်စားလှယ်တစ်ဦး ပါဝင်စေပြီး တိုင်းဒေသကြီး၊ ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီတူညီစွာဖြင့် ကိုယ်စားလှယ်စုစုပေါင်း ၁၆၈ ဦးကို Opened List ပုံစံဖြစ်သည်။
သို့သော် အခြားပီအာရ်ဒီဇိုင်း တစ်မျိုးတွင်မူ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မဲအများဆုံးရသူအနိုင်ယူသည့်စနစ်(FTPT)စနစ်ဖြင့် မဲပေးသည့်စနစ်ကို အသုံးပြုမည်ကို ထူးခြားစွာတွေ့ရသည်။
အင်န်အယ်လ်ဒီပါတီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က "ကျွန်တော်တို့က ပီအာရ်ကို အစဉ်တစ်စိုက် ကန့်ကွက်ခဲ့တာ ဖြစ်တဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ပြေးညီ ကျင့်သုံးတာကြောင့် မဟုတ်ဘဲနဲ့ ပီအာစနစ်ကျင့်သုံးတာကို ကန့်ကွက်တာဖြစ်ပါတယ်’’ ဟု လွှတ်တော်သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့နောက်အမျိုးသားလွှတ်တော်က စက်ခလုပ်နှိပ် မဲခွဲဆုံးဖြတ်ရာ မဲပေးပိုင်ခွင့်ရှိသူ ၁၇၈ ဦးအနက် ၁၆၇ ဦးမဲပေးခဲ့ပြီး ပီအာဒီဇိုင်းအား ထောက်ခံသူ ၁၃၈ ဦး၊ ကန့်ကွက်သူ ၂၄ ဦး၊ ကြားနေ ၅ ဖြင့် ကန့်ကွက်သူများရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
တိုင်းရင်းသားကိုယ်စားလှယ်များကလည်း မူလအဆိုရှင် ဒေါ်ခင်ဝိုင်းကြည် တင်သွင်းစဉ်က တိုင်းဒေသကြီးများတွင် ကျင့်သုံးမည်ဟု တင်ခဲ့ခြင်း၊ ယခုပီအာရ် ဒီဇိုင်းနှစ်မျိုးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်ခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်များကို ကျော်လွန်နေခြင်းများ၊ ပြည်သူများသည် မိမိတို့မဲပေးထားသည့် ကိုယ်စားလှယ်များကိုပင် ပြန်လည်ရုပ်သိမ်းခွင့်မရှိခြင်း စသည်တို့ကြောင့် ကန့်ကွက်သည်ဟု ပြောကြားသည်။
ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပေါ်လျှံလွင်က "ပထမ မူလအဆိုတုန်းက ပြည်နယ်တွေမပါဘဲ တိုင်းဒေသကြီးတွေမှာ လုပ်မယ်ပြောတယ်၊ နောက်တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ပြေးညီ ကျင့်သုံးမယ် ဖြစ်ပြန်တယ်’’ ဟု ပြောကြားသည်။
အဆိုပါ ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးဇော်မြင့်ဖေကမူ ယခုရွေးချယ်ထားသည့် ပီအာရ်ဒီဇိုင်းများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ကိုယ်စားလှယ် ၁၂ ဦးရွေးချယ်သည့် စနစ်ဖြစ်သဖြင့် အခြေခံဥပဒေနှင့် ကိုက်ညီမည်ဟု ယူဆသည်ဟု မကြာသေးမီက ပြောကြားထားသည်။
သို့သော် ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းကလည်း ယခုတင်ထားသည့်စနစ်မှာ တိုင်းဒေသကြီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီသာ ရွေးချယ်ခွင့် ရှိသည့်အတွက် လက်ရှိကျင့်သုံးနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဟု ပြောကြားသည်။
မူလအဆိုရှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ကော်မရှင်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီကို များစွာလေ့လာသုံးသပ်ထားပြီး အဖွဲ့ဝင်များအနေဖြင့်လည်း ဖွဲ့စည်းပုံနှင့် ကိုက်ညီမည်ဟု ယုံကြည်သည်ဟု ပြောကြားသည်။
၎င်းက "ဒါကို တကယ်ဆုံးဖြတ်မှာကတော့ အဖွဲ့အစည်း အကုန်လုံးက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒါက စနစ်တကျ စီမံဆောင်ရွက်ထားတဲ့ အစီအစဉ်ရှိနေပါတယ်’’ ဟု ပြောကြားသည်။
အဆိုပါ ပီအာရ်ဒီဇိုင်းနှစ်မျိုးကို အမျိုးသားလွှတ်တော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့သွားမည် ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/33186-pr

No comments:

Post a Comment