ပန်းဆိုးတန်း လူကူး ခုံးကျော်တံတားနှင့် ကမ္ဘာအေး လူကူး ခုံးကျော်တံတားတို့ကို ဒီဇင်ဘာလလယ်အတွင်း တစ်ပြိုင်နက်တည်း ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပန်းဆိုးတန်း လူကူး ခုံးကျော်တံတားကို နန်းသီတာဆိပ်ကမ်းမှ ကမ်းနားလမ်းကို ဖြတ်ကျော်၍ တည်ဆောက်မည် ဖြစ်ပြီး ရွေ့လျားစက်လှေကား ပါဝင်မည် ဖြစ်ကြောင်း၊ ကမ္ဘာအေး လူကူးခုံးကျော် တံတားကို ကမ္ဘာအေးဘုရားမှ ဂမုန်းပွင့် ကုန်တိုက်ရှေ့အထိ တည်ဆောက်သွားမည် ဖြစ်ကြောင်း အဆိုပါ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရသည်။
လက်ရှိတွင် ပန်းဆိုးတန်းတံတားမှာ ၈၀ ရာခိုင်နှုန်းနှင့် ကမ္ဘာအေးတံတားမှာ ၈၅ ရာခိုင်နှုန်းကျော် ပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) မှ တာဝန်ရှိသူက ပြောကြားသည်။
“တံတားနှစ်စင်းစလုံးက အကြမ်းထည်တော့ ပြီးသွားပြီ၊ အချောသပ်ဖို့ပဲ ကျန်တော့တယ်၊ ဖွင့်ရင်လည်း နှစ်စင်းစလုံးကို တစ်ပြိုင်နက် ဖွင့်သွားမှာပါ” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။
အဆိုပါ တံတားနှစ်စင်းကို ယခုနှစ် ဆန်းပိုင်းမှ စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပန်းဆိုးတန်း လူကူး ခုံးကျော်တံတားမှာ စက်လှေကား နှစ်စင်း ပါရရှိမည် ဖြစ်ပြီး အရှည်ပေ ၂၀၀၀ ကျော်နှင့် ယာဉ်ကင်းလွတ် အမြင့် ၁၉ ပေရှိကာ ကမ္ဘာအေး လူကူး ခုံးကျော်တံတားမှာ အရှည်ပေ ၁၅၀၀ ကျော်နှင့် ယာဉ်ကင်းလွတ်အမြင့် ၁၈ ပေ ရှိကြောင်း အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) ထံမှ သိရသည်။
http://www.thevoicemyanmar.com/index.php/news/item/4331-psd
No comments:
Post a Comment