November 13, 2014

မုံရွာဆေးရုံတွင် နေ့စဉ် သွေးလိုအပ်ချက်များ၍ သွေးလှူရှင်အသင်းများ အခက်ကြုံ

မုံရွာ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသနေကြသော လူနာများမှာ နေ့စဉ် သွေးလိုအပ်ချက် များပြားလာသဖြင့် သွေးလှူရှင်အသင်းများက သွေးလှူဒါန်းမည့်သူ ရှာဖွေရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း မုံရွာမြို့ပေါ်ရှိ သွေးအကူအညီပေးရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် သွေးလှူရှင် အသင်းများထံမှ သိရသည်။

“သြဂုတ်လကနေစပြီး သွေးလိုအပ်ချက်က တဖြည်းဖြည်း မြင့်လာတာ အခုနိုဝင်ဘာလ အထိပဲ။ အသင်းတစ်သင်းကို တစ်နေ့သွေး ၁၀ လုံးကျော် ရှာပေးနေရတယ်။ မြို့ပေါ်က သွေးလှူရှင်တွေကလည်း သွေးတစ်ခါလှူပြီးရင် အချိန်စောင့်ရတဲ့အတွက် သွေးထုတ်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်။ ဒီရက်ပိုင်း သွေးလှူရှင် ရှာရတာကိုက တော်တော်အခက်အခဲ ဖြစ်နေတယ်” ဟု BG သွေးအကူအညီ ပေးရေး အဖွဲ့ဝင် ဦးမိုးကျော်က ပြောကြားသည်။

ပြည်သူ့ဆေးရုံကြီး အတွင်းရှိ သွေးလှူဘဏ်မှလည်း တက်ရောက်ကုသမှု ခံယူနေကြသော လူနာများအတွက် နေ့စဉ် သွေးပုလင်း အလုံး ၃၀ နီးပါး ထုတ်ပေးနေရပြီး ရောဂါကုဆောင် အသီးသီးသို့ သွေးပုလင်းများ ခွဲဝေပေးနေရကြောင်း သွေးလှူဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မုံရွာမြို့ပေါ်တွင် သွေးအကူအညီပေးရေး အသင်းများစွာ ရှိသော်လည်း လက်ရှိအချိန်တွင် အသင်းလေးသင်းခန့်သာ သွေးရှာဖွေပေးရေးနှင့် လှူဒါန်းရေးကို ဆောင်ရွက်နေကြရပြီး သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ဆက်တိုက်ဆိုသလို သွေးလိုအပ်မှု ပိုမိုမြင့်တက်လာခြင်း ဖြစ်ကြောင်း သွေးလှူရှင် အသင်းများထံမှ သိရသည်။
- See more at: http://www.thevoicemyanmar.com/index.php/news/item/4015-myt#sthash.Imv4nGPR.dpuf

No comments:

Post a Comment