အလွတ်သတင်းထောက်ကိုပါကြီး မတရားဖမ်းဆီး သတ်ဖြတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရေး အပါဝင် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးတို့အား တောင်းဆိုထားသည့် ဆန္ဒထုတ်ဖော်ပွဲကို ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီတွင် ပေါင်းတည်မြို့ မှတ်တိုင်လမ်းမှ စတင်ခဲ့ကာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ အမျိုးသားရေးရှေးရှုလို့၊ ပြည်တွင်းစစ်ရပ်၊ ပီအာရ်စနစ်ဆိုးကျိုးဟာ ညီညွတ်ရေးကိုဖြိုခွင်းတာ၊ ဥပဒေမဲ့သူ အာဏာရှင်ဆိုးကျိုးစနက်၊ တရားဥပဒေစိုးမိုးရေးအတွက် အာဏာရှင်စနစ်ကိုတိုက်ဖျက်၊ ပြည်သူ့သမ္မတ ပြည်သူသာရွေးပိုင်ခွင့်ရှိရမှာ စသည့်ဗီနိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်၍ အဓမ္မ၀ါဒီ အလိုမရှိ၊ ဥပဒေမဲ့သတ်ဖြတ်မှု အလိုမရှိ၊ အဓမ္မ လယ်ယာမြေသိမ်းဆည်းမှု ဖျက်သိမ်းရေး ဒို့အရေး၊ ဖမ်းဆီးထောင်ကျခံ မီဒီယာသမားများ ချက်ခြင်းလွှတ်ပေးရေး ဒို့အရေး၊ စစ်မှန်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်ရေး ဒို့အရေး၊ ပီအာရ်စနစ် မကျင့်သုံးရေး ဒို့အရေး စသည့်ကြွေးကြော်သံများဖြင့် လမ်း ၄၀၊ ၃၈ လမ်း၊ ၁ လမ်း၊ အရှေ့လမ်း၊ ၆ လမ်း၊ ၇ လမ်းနှင့် ဘုရားကြီးလမ်းတို့တွင် လမ်းလျှောက်ခဲ့ကြပြီး အလှည့်ကျဟောပြော ဆွေးနွေးမှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ပြောချင်တာကတော့ ပထမဦးဆုံး ယူနတီဂျာနယ်က အယ်ဒီတာနဲ့ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတယ်။ နောက်ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပုံနှိပ်စက်ဝယ်ယူမှုကို ထောက်ပြပြောဆိုလို့ Daily Eleven က အယ်ဒီတာတွေအပါဝင် ငါးယောက်ကို တရားစွဲထားတယ်။ အခု သံတော်ဆင့်မှာ သမ္မတအကြောင်းကိုရေးလို့ ဂုဏ်သိက္ခာကျဆင်းတယ်ဆိုပြီး ၁၁ ယောက်ကို တရားစွဲပြန်တယ်။ အလွတ်သတင်းထောက် ကိုပါကြီးကို သတ်ဖြတ်တယ်။ အဲဒီအခါကျတော့ ဒီအစိုးရက ဒီမိုကရေစီကို သွားမယ်လို့ပြောပြီး မဏ္ဍိုပ်သုံးရပ်ကို စတုတ္ထမဏ္ဍိုဠ်က ထိန်းမတ်ပေးနေရတယ်။ ပဉ္စမမဏ္ဍိုဠ်ဆိုတဲ့ အရပ်ဘက်အဖွဲ့စည်းတွေက ထိန်းကျောင်းပေးနေရတယ်။ အရင်တုန်းက အစိုးရက နိုင်ငံရေးသမားတွေကို ထောင်ချတယ်။ အခုက သတင်းသမားနဲ့ တက်ကြွလှုပ်ရှားသူ တောင်သူလယ်သမား၊ အလုပ်သမားကို ထောင်ချတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် တရားစီရင်ရေးမှာ အုပ်ချုပ်ရေးက လွှမ်းမိုးနေတဲ့လို့ ပြောလို့ရတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် ရှေ့နေဦးအေးလွင်က ပြောကြားသည်။
http://www.news-eleven.com/madalay-others/%E1%80%A1%E1%80%9C%E1%80%BC%E1%80%90%E1%80%B9%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%91%E1%80%AC%E1%80%80%E1%80%B9%E1%80%80%E1%80%AD%E1%80%AF%E1%80%95%E1%80%AB%E1%82%80%E1%80%80%E1%80%AE%E1%80%B8-%E1%80%9E%E1%80%90%E1%80%B9%E1%80%BB%E1%80%96%E1%80%90%E1%80%B9%E1%80%81%E1%80%B6%E1%80%9B%E1%80%99%E1%82%88-%E1%80%A1%E1%80%99%E1%82%88%E1%80%99%E1%80%BD%E1%80%94%E1%80%B9%E1%80%B1%E1%80%96%E1%80%AC%E1%80%B9%E1%80%91%E1%80%AF%E1%80%90%E1%80%B9%E1%80%B1%E1%80%95%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8-%E1%80%A1%E1%80%95%E1%80%AB%E1%80%A1%E1%81%80%E1%80%84%E1%80%B9
No comments:
Post a Comment