November 19, 2014

ဂျာမနီအခြေစိုက် ကမ္ဘာကျော်ကားကုမ္ပဏီ BMW ၏ အရောင်းပြခန်း၊ ၀န်ဆောင်မှုစင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော S3 စင်တာ ရန်ကုန်မြို့ ၌ စတင်ဖွင့်လှစ်

ကမ္ဘာ့ထိပ်တန်း ဂျာမနီအခြေစိုက် BMW ကားကုမ္ပဏီ၏ အရောင်းပြခန်း၊ ဝန်ဆောင်မှုစင်တာနှင့် ယာဉ်အပိုပစ္စည်းများပါဝင်သော S3 စင်တာကို ရန်ကုန်မြို့၌ ၂ဝ၁၄ ခုနှစ်  နိုဝင်ဘာ ၁၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း Prestige Automobiles Co.,Ltd မှ သိရသည်။
BMW ကားကုမ္ပဏီ၏ မြန်မာနိုင်ငံတွင် ပထမဆုံး အရောင်းပြခန်းကို အမှတ် -၄၈၅၊ ပြည်လမ်းနှင့် နာနတ်တောလမ်းထောင့်၊ ကမာရွက်မြို့နယ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယခု ဖွင့်လှစ်ရောင်းချမည့် BMW ကားကုမ္ပဏီ၏ ကားအရောင်းပြခန်းတွင် BMW ကုမ္ပဏီထုတ် Brand New ကားများဖြစ်သော 3 Series ၊ 5 Series ၊ 6 Series ၊ 7 Series Saloon အမျိုးအစားများအပြင် SUV အမျိုးအစားများဖြစ်သော X-1၊ X-3၊ X-4၊ X-5 ကားများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါကားများ၏ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၇ဝဝဝဝ မှ ၅၅ဝ,ဝဝဝ ဝန်းကျင်အထိရှိကြောင်း Prestige Automobiles Co.,Ltd မှ Managing Director ဦးချမ်းမြက ပြောကြားသည်။

ဝန်ဆောင်မှုအနေဖြင့် BMW Brand New ကားများကို ပြုပြင်ထိန်းသိမ်းမှုအခမဲ့နှင့် အာမခံ သုံးနှစ်ပေးသွားမည်ဖြစ်ကြောင်း၊  After-Sale-Service  တွင် ကားအင်ဂျင်အပြင် ဆေး body ထိန်းသိမ်းပြုပြင်မှုများ ပါဝင်ကြောင်းနှင့် BMW ကားကုမ္ပဏီထုတ် လျှပ်စစ်စွမ်းအင်သုံးကား အမျိုးစားဖြစ်သော i-3  မော်ဒယ်လ် အမျိုးအစားကားကိုလည်း ဈေးကွက်အနေအထားပေါ်မူတည်၍ တင်သွင်းရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။

 Prestige Automobiles Co.,Ltd သည် BMW ကုမ္ပဏီထုတ်ကားများကို မြန်မာနိုင်ငံ၏ တစ်ဦးတည်းကိုယ်စားအဖြစ် တင်သွင်းဖြန့်ချိရောင်းချရန် BMW ကုမ္ပဏီနှင့် သဘောတူညီမှုရရှိထားပြီး BMW Group ၏ သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ BMW Car Show Room နှင့် အဆင့်မီ Tools & Equipment များအသုံးပြု၍ ဝန်ဆောင်မှုပေးမည့် Workshop စသည်တို့ကို BMW ၏ နည်းပညာအတိုင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

BMW ကုမ္ပဏီသည် ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် အခြေစိုက်ပြီး ၁၉၁၆ ခုနှစ် မတ်တွင် စတင်တည်ထောင်ခဲ့သည်။ BMW ကုမ္ပဏီသည် ဇိမ်ခံကားများ၊ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများ ထုတ်လုပ်လျက်ရှိသည်။ BMW ကုမ္ပဏီသည် ၂ဝ၁၃ ခုနှစ်အတွင်း မော်တော်ယာဉ် ၁ ဒသမ ၆ သန်း ကျော် ထုတ်လုပ်ခဲ့ပြီး ပြည်တွင်းရောက် ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။

BMW ကားများကို တင်သွင်းဖြန့်ချိ ခွင့်ရရှိသော Prestige Automobiles Co.,Ltd သည် Octagon International Service ကုမ္ပဏီ၏ ညီနောင်ကုမ္ပဏီတစ်ခု ဖြစ်သည်။ Octagon International Service  ကုမ္ပဏီသည် ကမ္ဘာ့ရှေ့ဆောင် ဥရောပကုမ္ပဏီများ၏ ဖြန့်ချိရေးကိုယ်စားလှယ်အဖြစ် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းယာဉ်ယန္တရားများ နှင့်ခရီးသည်တင်ယာဉ်များအား တာဝန်ယူဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံတကာအဆင့်မီ After Sale Service Center  များကို ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်၍ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။
http://www.news-eleven.com/local/%E1%80%82%E1%80%BA%E1%80%AC%E1%80%99%E1%80%94%E1%80%AE%E1%80%A1%E1%80%B1%E1%80%BB%E1%80%81%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%B9-%E1%80%80%E1%80%99%E1%81%BB%E1%80%AC%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9%E1%80%80%E1%80%AC%E1%80%B8%E1%80%80%E1%80%AF%E1%80%99%E1%81%B8%E1%80%8F%E1%80%AE-bmw-%E1%81%8F-%E1%80%A1%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%81%E1%80%94%E1%80%B9%E1%80%B8%E1%81%8A-%E1%81%80%E1%80%94%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%99%E1%82%88%E1%80%85%E1%80%84%E1%80%B9%E1%80%90%E1%80%AC%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7

No comments:

Post a Comment