November 15, 2014

OPAL အထည်ချုပ်စက်ရုံ တစ်ရုံလုံးနီးပါး မီးလောင်၊ ကျပ်သိန်း ၈၀၀ ခန့်ဆုံးရှုံး

စက်ရုံမီးလောင်မှုကို ငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ− ကျော်ဇင်သန်း)
လှိုင်သာယာ စက်မှုဇုန် (၂)ရှိ OPAL အထည်ချုပ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ စုစုပေါင်း တန်ဖိုးကျပ်သိန်းရှစ်ရာဖိုးခန့်ဆုံးရှုံးခဲ့ပြီး  ယခုနှစ်အတွင်းရန်ကုန်မြို့တွင် လောင်ကျွမ်းခဲ့သော မီးလောင်မှုများထဲ၌ ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သည်။
‘‘မီးသတ်က သိတဲ့အချိန်မှာ တောင် စက်ရုံတစ်ခုလုံးက တော်တော်လောင်ပြီးနေပြီ။ ၅ နာရီ ကျော်ကျော်လောက် က တည်းက စလောင်တာဖြစ်နိုင်တယ်။ ဆုံးရှုံးမှုအနေနဲ့ကတော့ ဒီနှစ်ရန်ကုန်မှာလောင်တဲ့ မီးလောင်မှုတွေမှာ ဆုံးရှုံးမှုအများဆုံးပါ ’’ ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၁၃ ရက် နံနက် ၆နာရီခန့်တွင်မီးလောင်သည်ကို စတင်သိရှိခဲ့ပြီး နှစ်နာရီ အကြာ တွင်  မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း မီးကြွင်း မီးကျန်များကိုမူ နေ့လယ် ၁၂နာရီခန့်အထိ ငြှိမ်းသတ်ခဲ့ရကာ မီးငြှိမ်းသတ်နေသည့် အချိန်၌ အရန်မီးသတ် တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း  မီး လောင်မှုတွင် ပါဝင်ငြှိမ်းသတ်ခဲ့သူတစ်ဦးကပြောသည်။
ဒဏ်ရာရရှိခဲ့သည့်အရန်မီးသတ်တပ်ဖွဲ့ဝင်မှာ မီးငြှိမ်းသတ် နေစဉ်၎င်း၏ အပေါ်ရှိ ပြတင်း ပေါက်မှန်ကွဲ၍ လည်ပင်းကို မှန်စထိကာ ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ဆေးရုံသို့ ချက်ချင်း တင်ပို့ခဲ့ရာအခြေအနေမစိုးရိမ်ရကြောင်း သတင်းရရှိသည်။
မီးလောင်မှုကြောင့်  အထည်ချုပ်စက်ရုံ တစ်ခုလုံးနီးပါး မီး လောင်ပျက်စီးခဲ့ပြီး မီးလောင်မှုအကြောင်းရင်းမှာ စက်ရုံ ပထမ ထပ်ရှိ အပူပေး ကော်သန့်စက် (FUSSING) အတွင်းရှိအပူပေးကွိုင်အပူလွန်ကဲရာမှလက်ကျန်အပူများနှင့် ထိစပ်နေသောစက္ကူ ဖြတ်စများ၊ အဝတ်စများသို့ အပူကူးစက်ရာမှစတင်လောင်ခဲ့ခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ယင်းမီးလောင်မှု စတင်ချိန် မှာ ညဆိုင်းအလုပ်ဆင်းပြီးသည့် အချိန်ကတည်းက ဖြစ်နိုင်ပြီး မိုးလင်းသည့် အချိန်မှသာ မီးလောင်သည်ကိုတွေ့ရခြင်းဖြစ်နိုင်ကြောင်း ယင်းစက်ရုံအနီးတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
‘‘၅နာရီ ၄၀ လောက်မှ သိ တာ။ အဲဒါကြောင့်အထဲမှာရှိနေတဲ့ ကောင်မလေးတွေကိုတောင် ဝီစီမှုတ်ပြီး ထွက်ခိုင်းခဲ့ရတယ်’’ဟု ယင်းစက်ရုံလုံခြုံရေး ဝန်ထမ်းတစ်ဦးက ပြောသည်။
ယင်းစက်ရုံတွင် နေ့ဆိုင်း၊ ညဆိုင်းအလုပ်သမားများရှိကာ ညဆိုင်းအလုပ်ဆင်းချိန်သည် နံနက်၂ နာရီဖြစ်ပြီး ယင်းစက်ရုံတွင် လုပ်သား နှစ်ထောင်ကျော်ရှိကြောင်း သတင်းရရှိသည်။
 ‘‘မနက်ပိုင်း ဆင်းရမယ့် အလုပ်သမားတွေက မီးလောင်ပေမယ့် အလုပ်ထဲအထိရောက် အောင်လာကြတယ်။ တစ်ရက်ပျက်ရင် တစ်သောင်းလောက် ဖြတ်တာဆိုတော့ လစာမဖြတ်ဘူးဆိုမှ ပြန်သွားကြတာ’’ ဟု ယင်းစက်ရုံအနီး နေထိုင်သူတစ်ဦးကပြောသည်။
မီးလောင်သည့်နေရာသို့ မီးငြှိမ်းသတ်ယာဉ် ၄၄ စီး၊ မိတ်ဖက်ယာဉ် ၇ စီး၊ အထောက်အကူပြု ယာဉ် ၄ စီး၊ ကွပ်ကဲမှုယာဉ် ၃ စီး နှင့် စုစုပေါင်းမီးသတ်တပ်ဖွဲ့ဝင် လေးရာကျော် လာရောက်မီးငြှိမ်း သတ်ခဲ့ကြောင်းသတင်းရရှိသည်။ ယင်းမီးလောင်သည့် နေရာသို့ ရန်ကုန်တိုင်းဒေသကြီး နယ်စပ် ရေးရာဝန်ကြီး ဗိုလ်ချုပ်တင်ဝင်း လည်း လာရောက်ခဲ့သည်။
‘‘မီးလောင်မှု ကြီးရင်တော့ ကူညီနိုင်တာရှိရင် ကူညီပေးနိုင် အောင် အစိုးရအဖွဲ့က တာဝန်ရှိသူတွေလည်း လာရောက်ပါ တယ်’’ ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မီးလောင်မှုနှင့်ပတ်သက်၍ အဆိုပါစက်ရုံမန်နေဂျာကို လှိုင်သာယာမြို့နယ်ရဲစခန်းတွင် ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထား ကြောင်းသတင်းရရှိသည်။
နိုဝင်ဘာ ၁၃ ရက်နေ့လယ် ၁၁ နာရီခန့်တွင် အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၃) ရှိ သိန်းညီနောင်မုန့်စက်ရုံ၌ ဆန်ဝေဖာများကို သတ်မှတ်အပူချိန်ထက်ကျော်လွန်အပူပေးခဲ့သောကြောင့် အသေးစား မီးလောင်မှု တစ်ခုထပ်မံဖြစ်ပွားခဲ့သည်။
http://7daydaily.com/story/24885#.VGVuRFcYuM8

No comments:

Post a Comment