December 3, 2014

ရန်ကုန်မြို့တော် စည်ပင်ကော်မတီ ရွေးကောက်ပွဲ မဲရုံ တစ်ထောင်ကျော်ဖြင့် ကျင်းပမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ အတွက် မြို့နယ်ပေါင်း (၃၂)မြို့နယ်မှာ မဲရုံပေါင်း တစ်ထောင့်ရှစ်ဆယ့်ခြောက်ရုံ ဖွင့်လှစ်ပြီး ကျင်းပသွားမှာ ဖြစ်တယ်လို့ မြို့တော်ကော်မရှင်မှ သိရပါတယ်။ ကောက်ယူထားတဲ့ စာရင်းများ အရ ဒီဇင်ဘာ (၂၇)ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူ လေးသိန်းတစ်သောင်း ခြောက်ရာသုံးဆယ့်လေးဦး ပါဝင် မဲပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ မဲပေးဖို့အတွက် မဲပေးပုံအဆင့်ဆင့် သရုပ်ပြခြင်းကို နိုဝင်ဘာ (၃၀)ရက်မှာ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပြီး မဲပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့ အတွက်ကိုတော့ အဆိုပါ သရုပ်ပြပွဲကို တက်ရောက်လာတဲ့ မြို့တော်ကော်မရှင်အဖွဲ့များ၊ ခရိုင်နဲ့မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များမှ တစ်ဆင့် သက်ဆိုင်ရာ မြို့နယ်ရပ်ကွက်တွင်းကို ပြန်လည်ဖြန့်ဝေ ဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ မဲရုံတွေအဖြစ် စာသင်ကျောင်းတွေကို အသုံးပြုသွားမှာဖြစ်ပြီး မဲရုံဝန်ထမ်းတွေအဖြစ် ပညာရေးဝန်ထမ်းတွေကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မဲရုံတစ်ရုံမှာ မဲရုံဝန်ထမ်း(၁၆)ဦး ထားရှိမှာဖြစ်ပြီး မဲရုံပေါင်း တစ်ထောင့်ရှစ်ဆယ့်ခြောက်ရုံအတွက် မဲရုံဝန်ထမ်းပေါင်း တစ်သောင်းခုနစ်ထောင် သုံးရာခုနစ်ဆယ့်ခြောက်ဦး ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ မဲပေးသူတစ်ဦးဟာ ကိုယ်စားလှယ် (၇)ဦးအတွက် မဲပေးရွေးချယ်ရမှာဖြစ်ပြီး မဲစာရင်း အနိုင်အရှုံးကို လေးဆယ့်ရှစ်နာရီအတွင်းမှာ ထုတ်ပြန်ကြေညာ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နှစ်ပေါင်း(၆၀)ကျော်ကြာ မပြုလုပ်ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကို ၂၀၁၅ရွေးကောက်ပွဲ အတွက် စံနမူနာအနေနဲ့ ပြုလုပ်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရရှိမယ့် ကိုယ်စားလှယ်တွေရဲ့ တာဝန်ထမ်းဆောင်ရမယ့် သက်တမ်းဟာ အစိုးရသက်တမ်းနဲ့ အတူတူဖြစ်တာကြောင့် တစ်နှစ်ကျော်သာ ကျန်ရှိတော့တယ်လို့လည်း သိရပါသည်။
http://www.skynet-uptodate.com/localDetail.php?nid=ayvwb

No comments:

Post a Comment