ပြီးခဲ့သည့်
လပိုင်းအတွင်း ပြည်တွင်း စပါးသစ် ပေါ်ချိန်တွင် တရုတ်နိုင်ငံမှ
ဆန်ကုန်သည်များ မြန်မာနိုင်ငံမှ ဆန်ဝယ်ယူမှု သိသာစွာ ကောင်းမွန် ခဲ့သော်လည်း
ယခုလအတွင်း
တရုတ်အာဏာပိုင်များက တရားမဝင်
ဆန်များကို လိုက်လံဖမ်းဆီး အရေးယူ မည် ဆိုသည့် သတင်းများကြောင့် မူဆယ်
ဆန်ဈေးကွက် အရောင်းအဝယ် ပါးလာခဲ့ကြောင်း မူဆယ် ဆန်ကုန်သည်များ ထံမှ
သိရသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်
တာဝန်ရှိသူများအား တရုတ်နိုင်ငံ အစိုးရမှ မိမိတို့နိုင်ငံ အတွင်းသို့
တရားမဝင် လမ်းကြောင်းမှ ဆန်ဝင်ရောက်နေမှုကို အရေးယူ သွားမည်ဟု ကြိုတင်
သတိပေးထားကြောင်း သိရသည်။
တရုတ် အစိုးရသည် တရားမဝင် လမ်းကြောင်းမှ
ဆန်ပမာဏ များပြားစွာ ဝင်ရောက်လာပါက တရုတ် အကောက်ခွန် ဌာနမှ စီမံချက်ဖြင့်
ဖမ်းဆီးဖွယ် ရှိကြောင်း လေ့လာ သိရှိထားသူများက ပြောသည်။
အဆိုပါ သတင်းများနှင့် အတူ မူဆယ် ဆန်ဈေးကွက်မှာ ဒီဇင်ဘာလအတွင်း ရောင်းလိုအား တဖြည်းဖြည်း နည်းစပြု လာကြောင်း သိရသည်။
''အခုလက်ရှိမှာတော့ မူဆယ် ဆန်ဈေးကွက်က
အရောင်းအဝယ် ပါးလျက် ရှိပါတယ်။ အဖမ်းအဆီးနဲ့ ပတ်သက်တဲ့ သတင်းကလည်း
ကြားနေရသလို တရုတ်ဝယ်လက်တွေ လက်ထဲမှာလည်း ဆန်တော်တော်များများ
ဝယ်ထားပြီးပါပြီ။ လက်ရှိမှာတော့ မြန်မာ ဆန်ကုန်သည် တွေလည်း
တရုတ်ကုန်သည်တွေဆီကို ဆန်အကြွေး တော်တော် များများ ရောင်းထား ရလို့
ငွေမြုပ် နေပါတယ်။ ဒီဇင်ဘာလမှာ အဖမ်းအဆီး များမယ်ဆိုတဲ့ သတင်းတွေကြောင့်
ဒီရက်ပိုင်း မှာတော့ သတိထားပြီး အရောင်းအဝယ် လုပ်ရတဲ့ သဘောရှိပါတယ်'' ဟု
မန္တလေးမြို့မှ ဆန်ကုန်သည် တစ်ဦးက ပြောသည်။
နိုဝင်ဘာလတွင် မူဆယ် ဆန်ဈေးကွက်မှာ
ရောင်းအား ကောင်းမွန်ခဲ့ပြီး မှော်ဘီ၊ ရတနာတိုး၊ သုခနှင့် ဆန်ကွဲများ အဝယ်
လိုက်ခဲ့ကြောင်း သိရသည်။
''နိုဝင်ဘာလထဲမှာ တရုတ်ကုန်သည် တွေက
တရုတ်နိုင်ငံရဲ့ ဆန်လိုအပ်ချက် အရ ဆန်အဝယ် တော်တော် လိုက်ခဲ့ပါတယ်။ လက်ရှိ
အနေအထားအရ တရုတ်ကို မြန်မာဆန် ရောင်းချမှုက တရုတ်ဘက်မှာ တရားမဝင်
ဖြစ်တဲ့အတွက် လုပ်ငန်း လုပ်ဆောင်တဲ့ အခါမှာ တော်တော်လေးသတိထားရ
ပါတယ်။တရားမဝင်ဈေးကွက်တစ်ခုကို ယုံကြည်မှုလွန်ကဲပြီး တင်ပို့ရောင်း
ချမှုမှာ လက်ငင်း ငွေချေစနစ်မဟုတ်တဲ့အတွက် သတိပိုထားရပါတယ်'' ဟု မူဆယ်ဆန်
ကုန်စည်ဒိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
http://myawady.net.mm/business/item/56387-2014-12-11-14-16-11
No comments:
Post a Comment