ရန်ကုန်မြို့ စက်မှု (၁) လမ်းရှိ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ပညာပေး ဆိုင်းဘုတ်တစ်ခုကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ ဟိန်းထက်၊ မဇ္ဈိမ)
၂၀၁၄ ခုနှစ်အတွင်း လူကုန်ကူးခံရမှု ၁၂၄ မှု ဖြစ်ပွားခဲ့ပြီး ယခင် ၂၀၁၃ ခုနှစ် တွင် ၁၀၃ မှုသာ ရှိခဲ့သည်။အဓမ္မလက်ထက်ရန် လူကုန်ကူးခံရမှုမှာ ၇၂ မှုရှိခဲ့ပြီး ထိုအကြောင်းအရာဖြင့် လူကုန်ကူးခံရမှုမှာ တစ်နှစ် လုံးတွင် အများဆုံးဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၇ မှု တိုးလာခဲ့သည်။
လူကုန်ကူးခံရမှု တားဆီးနှိမ်နင်းရေး အဖွဲ့မှ ဒု-ရဲမှူးမင်းနိုင်က “အမှုတွေက ပိုဖြစ်လာတယ် ဆိုတာထက် ဒီနှစ်ထဲမှာ အထူးစီမံကိန်းတွေ ချမှတ်ပြီး လုပ်ဆောင်တာတွေ၊ နှစ်နိုင်ငံ ပူးပေါင်းပြီးတားဆီး နှိမ်နင်းတာ တွေကြောင့် ပိုဖမ်းမိလာတွေ ရှိတာကြောင့် စာရင်းက ပိုတက်လာတာပါ” ဟု ပြောသည်။
ထိုသို့ လူကုန်ကူးမှုများတွင် ရှမ်းပြည်နယ်တွင် အများဆုံး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံးဒေသမှာ ပြည်နယ်မှာ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့ဖြစ်ကာ ၎င်းပြည်နယ်များသည် ၂၀၀၆ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထိ လူကုန်ကူးခံရမှုများ မရှိခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၏ နှစ်ချုပ်စာရင်းဇယားအရ သိရသည်။
၂၀၁၄ ခုနှစ်အတွင်း လူကုန်ကူးမှုဖြင့် တရားခံ ၃၆၇ ဦးအနက် ၂၄၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၁၁၇ ဦးမှာ ထွက်ပြေး လွတ်မြောက်နေ ဆဲ ဖြစ်သည်။
တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ပြည်တွင်း၌ လူကုန်ကူးခံရခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ထူးခြားသည်မှာ မလေးရှားနိုင်ငံသို့ အဓမ္မစေခိုင်းရန် လူကုန်ကူးခံရမှုသုံးမှုပါဝင်ကာ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှုမှာ ၇၇ မှုဖြင့် အများဆုံးလူကုန်ကူးခံရသည့် နိုင်ငံဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် လူကုန်ကူးခံရသူ ၃၀၉ ဦးအနက် ၂၄၁ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၆၈ ဦးကို ကယ်တင်နိုင် ခြင်း မရှိသေးပေ။
လူကုန်ကူးမှုများတွင် အဓမ္မလက်ထပ်ရန်၊ အဓမ္မခိုင်းစေရန်၊ ပြည့်တန်ဆာ ပြုလုပ်ရန်စသည့် ကိစ္စရပ်များကြောင့် လူကုန်ကူး ခံရခြင်းများ ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/36309-2015-01-05-06-08-39
No comments:
Post a Comment