January 1, 2015

ရှန်ဟိုင်း နှစ်သစ်ကူး ကြိုဆိုမှု အခမ်းအနားတွင် လူအုပ်ပြိုဆင်းမှုကြောင့် (၃၅)ဦး သေဆုံး

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် နှစ်သစ်ကူးအကြို ပျော်ပွဲရွှင်ပွဲများ ကျင်းပရာမှ လူအများ စုပြုံတိုးဝှေ့ကြရင်း အချင်းချင်း တက်နင်းမိမှုများကြောင့် လူ(၃၅)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
တရုတ် မီဒီယာများက နိုင်ငံ၏ အထင်ကရ စီးပွားရေး မြို့တော်ကြီးတွင် ဒီဇင်ဘာ ၃၁ ရက်၊ သန်းခေါင်ယံ မတိုင်မီ အချိန်၌ ဖြစ်ပွားခဲ့သော ဝမ်းနည်းကြေကွဲဖွယ် ကိစ္စကြီးကြောင့် နောက်ထပ် လူ(၄၂)ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း ဖော်ပြခဲ့ကြသည်။
ရှန်ဟိုင်း၏ သမိုင်းဝင် ဘွန်ခရိုင်ရှိ ချန်ယီရင်ပြင်တွင် လူပေါင်းများစွာ စုရုံးရာမှ စုပြုံတိုးဝှေ့ရင်း လူအုပ်ပြိုဆင်းမှုကြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဆိုပါ နှစ်သစ်ကူး အခမ်းအနားတွင် ၂၀၁၅ ခုနှစ်ကို ကြိုဆိုရန်အတွက် ရှန်ဟိုင်းမြို့ခံများရော၊ ကမ္ဘာလှည့် ခရီးသည်များပါ ထောင်နှင့် သောင်းနှင့်ချီ စုရုံးခဲ့ကြသည်။
တရုတ် Social Media များတွင် ဖော်ပြထားမှုအရ နိုက်ကလပ်တစ်ခု၏ လသာဆောင် အထက်မှ ကြဲချလိုက်သည့် ငွေစက္ကူ အတုများကို လိုက်လံကောက်ယူကြရာမှ လူအုပ်ပြိုဆင်းမှု စတင်ဖြစ်ပွားကြောင်း ဖော်ပြခဲ့သည်။ Social Media များတွင် လွှင့်တင်ထားသည့် ဓာတ်ပုံများ၌ လမ်းမပေါ်တွင် အတုံးအရုံး လဲကျနေသူများကို ရှေးဦးသူနာပြု နည်းဖြင့် ပြုစုနေရသည့် အခြေအနေများကို တွေ့မြင်ရသည်။
တရုတ်သမ္မတ စီကျင်းပင်က ရှန်ဟိုင်းမြို့တော် အုပ်ချုပ်ရေး ဌာနအား ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အမြန်ဆုံး နည်းလမ်းဖြင့် စုံစမ်းစစ်ဆေးရန် အမိန့်ပေးထားကြောင်းလည်း သိရသည်။
မန်ချက်စတာမှ ရှန်ဟိုင်းသို့ ရောက်ရှိနေသည့် အင်္ဂလိပ် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီး ရေဘက်ကာ သောမတ်စ်က အခင်းဖြစ်ရာ နေရာတွင် အလောင်းများစွာကို တွေ့မြင်ခဲ့ရကြောင်း ဆိုသည်။ “လမ်းပေါ်မှာ အနည်းဆုံး လူ(၁၀)ယောက်၊ (၁၅)ယောက်လောက် သေနေတာ တွေ့ရတယ်။ တချို့ကျတော့လည်း လဲကျနေတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ရှေးဦး သူနာပြုနည်းနဲ့ ပြုစုပေးနေကြတယ်။ ရဲတွေက ဘေးနားမှာ ရှိနေတယ်။ ကျွန်မ ဘာအကူအညီ ပေးရမလဲလို့ ရဲတွေကို သွားမေးတော့ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားဖို့ပဲ ပြောပါတယ်။ လူတစ်ယောက်က သူ့ဇနီး၊ ဒါမှမဟုတ် ရည်းစားကို Mouth-to-Mouth နည်းလမ်းနဲ့ အသက်ရှူလာအောင် ကြိုးစားနေတယ်။ ရဲတစ်ယောက်က ဘေးကနေ ရပ်ကြည့်နေတာ တွေ့ခဲ့ပါတယ်”ဟု သောမတ်စ်က BBC သို့ ပြောကြားခဲ့သည်။
အဆိုပါ နေရာသို့ ရောက်ရှိနေခဲ့သည့် အမေရိကန် ဓာတ်ပုံဆရာ ဂါဘီဂါဘရီရယ်လ်ကလည်း “လူတိုင်းက ဆောက်တည်ရာမရ ဖြစ်နေတယ်။ တချို့က အော်ငိုနေကြတယ်။ လူတွေအများကြီး ဆိုးဆိုးရွားရွား သွေးပျက်နေတဲ့ မြင်ကွင်းမျိုး ဒီတစ်ခါပဲ တွေ့ဖူးတယ်”ဟု မှတ်ချက်ပြုခဲ့သည်။
ရှန်ဟိုင်း အုပ်ချုပ်ရေးဌာနက ဒဏ်ရာရသူများကို မြို့အတွင်းရှိ ဆေးရုံများသို့ အလျင်အမြန် ဖြန့်ကျက် ပို့ဆောင်ပေးခဲ့ကြောင်း ကြေညာသည်။ ၂၀၁၃ ခုနှစ် အကုန်တွင်လည်း အလားတူ အခမ်းအနားမျိုး ကျင်းပဖူးရာ ထိုစဉ်က လူပေါင်း သုံးသိန်းနီးပါး စုရုံးခဲ့ပြီး လမ်းများ ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း ရှန်ဟိုင်းနေ့စဉ် သတင်းစာက ဖော်ပြခဲ့သည်။
_Ref: BBC
http://7daydaily.com/story/28325#.VKUQrMnZGM8

No comments:

Post a Comment