၂၀၁၅ ခုနှစ်သို့ ကူးပြောင်းဝင်ရောက်မှု အခမ်းအနားကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် လူသန်းပေါင်းများစွာက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ကမ္ဘာ့စံတော်ချိန် သတ်မှတ်ချက်များအရ နှစ်သစ်ကူး ကာလကို ပထမဆုံး စတင်ကြိုဆိုခွင့် ရသည်မှာ နယူးဇီလန် ပြည်သူများ ဖြစ်ကြသည်။ ထို့နောက် ဩစတြေးလျတွင်လည်း နှစ်သစ်ကူးကို သောင်းသောင်းဖြဖြ ကြိုဆိုပြီး ဆစ်ဒနီ၏ နာမည်ကျော် ဆိပ်ခံတံတားကြီးတွင် လှပသော မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့သည်။

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင်မူ လူအများ စုရုံးပြီး နှစ်သစ်ကို ကြိုဆိုရာမှ လူအုပ်ပြိုဆင်းမှု ဖြစ်ပွားပြီး (၃၅)ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်ကြောင့် အကျည်းတန်ခဲ့သော်လည်း အခြားကမ္ဘာ့နိုင်ငံ အများစုမှ မြို့ကြီးများတွင်မူ ၂၀၁၅ကို ငြိမ်းငြိမ်းချမ်းချမ်း စည်စည်ကားကား ကြိုဆိုနိုင်ခဲ့ကြသည်။

UAE နိုင်ငံ၊ ဒူဘိုင်းတွင် ကမ္ဘာ့စံချိန်တင် အကြီးမားဆုံးဟု ညွှန်းဆိုနိုင်မည့် မီးရှူးမီးပန်း မျက်နှာစာ တစ်ခုကို ဖန်တီးပြခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံကြီးအဖြစ် သတ်မှတ်ခံထားရသည့် ဘာ့ဂ်ျခါလီဖာ၏ မျက်နှာစာများမှ ပစ်ဖောက်လိုက်သော မီးရှူးမီးပန်းများက မီးရှူးမျှော်စင်ကြီး တစ်ခုသဖွယ် တွေ့မြင်ခဲ့ကြရသည်။
အမေရိကန်မှ နယူးယောက်မြို့၊ ရုရှားမှ မော်စကိုမြို့၊ ဗြိတိန်မှ လန်ဒန်မြို့၊ ပြင်သစ်မှ ပဲရစ်မြို့နှင့် ဂျာမနီမှ ဘာလင်မြို့တို့ အပါအဝင် ကမ္ဘာ့မြို့ကြီး အသီးသီးတွင်လည်း မီးရှူးမီးပန်းများ ပစ်ဖောက်ကာ နှစ်သစ်ကူးကို လူပေါင်း ထောင်နှင့် သောင်းနှင့်ချီ စုရုံးကြိုဆိုခဲ့ကြသည်။
၂၀၁၅ ခုနှစ်သည် လစ်သူယေးနီးယား နိုင်ငံအတွက် အမှတ်တရ နှစ်တစ်နှစ် ဖြစ်လာပြီး ၎င်းတို့သည် ယူရိုငွေကြေးကို တရားဝင် အသုံးပြုသည့် (၁၉)ခုမြောက် နိုင်ငံအဖြစ် မှတ်တမ်းဝင်လာခဲ့သည်။
စပိန်တွင် မက်ဒရစ်နှင့် ဘာစီလိုနာတို့ကဲ့သို့ မြို့ကြီးများတွင် မီးရှူးမီးပန်းများ လှပဆန်းကျယ်စွာ ပစ်ဖောက်ကြပြီး ညလုံးပေါက် လမ်းပေါ်ပါတီပွဲများ ဆင်နွှဲကြသည်။ ဗြိတိန်တွင်လည်း လန်ဒန်နှင့် အီဒင်ဘာ့ဂ်တို့တွင် အလားတူ အခမ်းအနားများ ကျင်းပခဲ့ကြသည်။

ဆစ်ဒနီတွင် ဆိပ်ခံတံတားကြီးမှ မီးရှူးမီးပန်းများ ပစ်လွှတ်မှုကို ကမ်းခြေ၌ လာရောက်ကြည့်ရှုသူ (၁.၅)သန်းမျှထိ ရှိခဲ့ကြောင်း သတင်းများက ဆိုသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံ အချို့မှ ခေါင်းဆောင်များထံ နှစ်သစ် သဝဏ်လွှာများ ပေးပို့ခဲ့ပြီး အမေရိကန် သမ္မတ ဘာရတ်အိုဘားမားထံ လိပ်မူထားသော သဝဏ်လွှာတွင် မိမိတို့ နှစ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာ ဘက်မျှတည်ငြိမ်ရေးကို အတူလက်တွဲ ထိန်းသိမ်းနိုင်ရန် မျှော်လင့်ကြောင်း ရေးသားထားသည်။

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရို ကမ်းခြေတွင် မီးရှူးမီးပန်းများ ပစ်ဖောက်နေချိန်၌ လူအများက ပင်လယ်ထဲဆင်းပြီး ရေကူးကာ ပျော်ရွှင်စွာဖြင့် နှစ်သစ်ကူးကာလကို ချဉ်းနင်းဝင်ရောက်ခဲ့ကြသည်။ ဘရာဇီး မီဒီယာများ၏ ဖော်ပြချက်အရ နှစ်သစ်ကူး ကာလ ညသန်းခေါင်တွင် ရီယိုမြို့ရှိ ကိုပါကာဘာနာ ကမ်းခြေတွင် ပျော်ရွှင်စွာ ရေဆင်းကူးသူ အရေအတွက် တစ်သန်းကျော်မျှထိ ရှိခဲ့ကြောင်းလည်း သိရှိရသည်။
_Ref: BBC
http://7daydaily.com/story/28330#.VKUQssnZGM8

No comments:
Post a Comment