February 5, 2015

ပုဂ္ဂလိက သစ်တောစိုက်ခင်း တည်ထောင်ခြင်း လုပ်ငန်း တင်ဒါ အောင်မြင်သူ လုပ်ငန်းရှင် ၁၉ ဦး လုပ်ကိုင်ခွင့်ပြု

ပုဂ္ဂလိက သစ်တောစိုက်ခင်း တည်ထောင်ခြင်း လုပ်ငန်းကို ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နိုင်ရန် 
တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုရှိ သစ်တောမြေ ဧရိယာ ၈၇ဝ၇၉ ဧက  လုပ်ကွက်  ၃၅ ကွက်အတွက် တင်ဒါအောင်မြင် သူ လုပ်ငန်းရှင် ၁၉ ဦးအား လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သစ်တောဦးစီးဌာန မှ  ထုတ်ပြန်ခဲ့သည်။
ပုဂ္ဂလိက သစ်တောစိုက်ခင်း တည်ထောင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုရှိ  သစ်တောမြေ ဧရိယာ ၂၅၅၅၅၅ ဧကတွင် လုပ်ကွက် ၉၇ ကွက်သတ်မှတ်၍  အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ခြောက်ခုရှိ သစ်တောမြေ ဧရိယာ ၈၇ဝ၇၉ ဧက လုပ်ကွက် ၃၅ ကွက်တွင် ဗန်းမော်၊ ထီးချိုင့်၊ တမူး၊ ဒိုက်ဦး၊ ပဲခူး၊ ကျောက်တံခါး၊ တနင်္သာရီ၊ တာချီလိတ်၊ ပုသိမ်၊ သာပေါင်း၊ ငပုတောနှင့် လေးမျက်နှာမြို့နယ်များရှိ  လုပ်ကွက်များ ပါဝင်ကြောင်း သိရသည်။
ပုဂ္ဂလိက သစ်တောစိုက်ခင်း ထူထောင်ခြင်း လုပ်ငန်းကို ယခင်က ဧက ၅ဝဝ နှင့် အထက်သာ  လုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း ယခုအကြိမ် တင်ဒါခေါ်ယူမှုတွင် ဧက ၁ဝဝဝ နှင့် အထက်  လုပ်ကိုင်ခွင့်ပြုရန် ပထမဆုံး ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပြီး ယခင်က နိုင်ငံ သား လုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့်ပြုခဲ့ရာ  ယခုအကြိမ် တင်ဒါခေါ်ယူရာတွင်  ပထမဆုံး အဖြစ်  နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကိုပါ ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန  သစ်တောဦးစီးဌာနမှ စီမံခန့်ခွဲခွင့် ရှိသော သစ်တောမြေများ ကို နှစ် ၃ဝ နှစ်ရှည် ငှားရမ်းစာချုပ်ဖြင့်  လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး ပုဂ္ဂလိက သစ်တောစိုက်ခင်းများ တည်ထောင်ရာတွင် ကျွန်းစိုက်ခင်း၌ ကျွန်းမျော၊ ကျွန်းတိုင်၊ ကျွန်းသစ်များကို လုပ်ငန်းရှင်မှ ရယူခံစားခွင့်ရှိကာ ကျွန်းသစ်များ ကို ပြည်တွင်း ပြည်ပသို့ ရောင်းချရာတွင် စုစုပေါင်း ရရှိတန်ဖိုး၏ ၁ဝ ရာခိုင်နှုန်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသို့ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
http://myawady.net.mm/allnews/localnews/item/59863-2015-02-05-09-21-23

No comments:

Post a Comment