February 5, 2015

နာဂတောင်တန်း ဒေသကို သဘာဝ အခြေခံ ခရီးသွား လုပ်ငန်း အဖြစ် အကောင် အထည် ဖော်ရန် သုတေသန ပြုလုပ်ခဲ့

စစ်ကိုင်း  ဖေဖော်ဝါရီ   ၎
နာဂတောင်တန်း ဒေသကို သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းအဖြစ် အကောင်အထည်ဖော်ရန်
သစ်တောဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ ကျွမ်းကျင်ပညာရှင် ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦးတို့ ပူးပေါင်း၍ ဇန်နဝါရီလပိုင်းက သုတေသန ပြုလုပ်ခဲ့ပြီး  ဇီဝမျိုးစုံမျိုးကွဲ  ငှက်မျိုးစိတ်နှင့် ဆေးဖက်ဝင် အပင်  မျိုးစိတ်သဘာဝ သယံဇာတ စုစုပေါင်း ခြောက်ရာ နီးပါးခန့် မှတ်တမ်း တင်နိုင်ခဲ့ကြောင်း  ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ သုတေသန ပြုလုပ်ရာတွင် ပြောင်၊ မျောက်လွှဲကျော်၊  မျောက်မြီးရှည်၊ ဝက်ဝံ၊  ကျားသစ်၊  သင်းခွေချပ်၊  တောင်ဆိတ် ၊ စာမရီ၊  တောဝက်စသည့် နို့တိုက်သတ္တဝါများနှင့် ဥသြ၊  ရစ်၊  ဒေါင်းကုလား၊ ခါ၊  ဝါးရောင်း၊  အောင်လောင်  စသည့် ငှက်မျိုးစိတ်များ၊  ရေနေသတ္တဝါ ဖြစ်သော ငါးတောက်၊ ငါးချို၊ ဆန်းချီး(ချင်ငါး) ငါးမျိုးစိတ်များနှင့် တောင်တမာ၊ ဆီးသီး၊ စန်းသီး၊ သစ်နံ၊ မတ်ဗို့၊ ရုံး၊ သက်ငယ်၊ ဖက်ဝန်း၊ ကျောက်ယမနေ၊ တောင်ကြိမ်၊ တောစံကားဝါ၊ ယမနေ၊ လောက်ယား၊ စကတ်၊ ထင်းရှူး၊ဝါးပိုးဝါး၊ ဝါးခါး၊ မရောင်း(မွှေးသောသစ်)၊ ကောရှီး၊ သတွက်၊ ကညင်သစ်မျိုးများတွေ့ ရှိရကြောင်း သိရသည်။
ယင်းသုတေသနကို စစ်ကိုင်းတိုင်း ဒေသကြီး နာဂတောင်တန်းဒေသရှိ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အနီးရှိ ချယ်ရာ၊ ဟိန်ကွက်၊  ပန်ဆပ်၊  ပိန္နဲကုန်း ကျေးရွာနှင့် လေရှီးမြို့ ဝန်းကျင်ဒေသများ၌   သုတေသန ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နာဂ မျိုးနွယ်စုငါးစုက မျိုးနွယ်အလိုက် သစ်တောများကို ရိုးရာ ကော်မတီ ဖွဲ့စည်း၍  စီမံခန့်ခွဲထားသဖြင့်  တောများ ကောင်းနေ သည်ကို တွေ့ရှိရသောကြောင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း လုပ်ဆောင်ရန် ကောင်းမွန် နိုင်ကြောင်း WCS မှ အကြံပြုခဲ့သည်။
သစ်တောများအနီး တောင်ယာလုပ်ငန်းများ၊ ကျွဲ၊ နွားများ ထိန်းကျောင်းသည့် စားကျက်မြေများကို စနစ်တကျ လုပ်ကိုင်ခြင်း၊ ကျေးရွာဝန်းကျင် အနီးအနားတွင် ကိုယ်ပိုင် ထင်းစိုက်ခင်းများ ထူထောင်ထားခြင်း၊ မျိုးနွယ်စုအလိုက် ပိုင်ဆိုင်သော သစ်တောများမှ ထုတ်ယူသုံးစွဲသည့် အခြေအနေများမှာ စနစ်ကျသည်ကို  တွေ့ရှိရသော်လည်း  နာဂလူမျိုးစု များ၏  အဓိကဝင်ငွေရ လုပ်ငန်း အဖြစ် အမဲလိုက်ခြင်း လုပ်ငန်းအပေါ် မှီခိုနေရသောကြောင့် အဆိုပါ ပြဿနာ ကို  ဖြေရှင်းရမည်ဟု  သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ အကြံပြု သုံးသပ်ထားကြောင်း သိရသည်။
http://myawady.net.mm/allnews/localnews/item/59865-2015-02-05-09-28-17

No comments:

Post a Comment