လူမှုဖူလုံရေး အိမ်ရာ စီမံကိန်းများ ဖော်ဆောင်ရန် အတွက် အလုပ်ရှင်၊
အလုပ်သမား များ၏ အချိုးကျ ထည့်ဝင်ရမည့် လူမှုဖူလုံရေးကြေးများ စဉ်ဆက်မပြတ်
ရရှိမှုပေါ်တွင် မူတည်လျက် ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောသည်။
အလုပ်ရှင် အလုပ်သမားတွေရဲ့ အမြဲ မပြတ် ထည့်ဝင်နိုင်မှု အပေါ် စဉ်စားနေ
ရတယ်။ အရမ်းများ ပြီးတော့ ၀န်ထုပ်ဝန်ပိုးများ ဖြစ်သွား မလား ဆိုတာ၊ အခြေခံ
အလုပ်သမားတွေ အမြဲတမ်း အလုပ်ရှိနိုင်မှုနဲ့ မထည့်ဝင်နိုင် တော့ရင်
ထည့်ဝင်ကြေး အပြည့်အ၀ မရတော့ရင် ဖြစ်လာမယ့် ပြဿနာတွေ ကို ထောင့်ပေါင်းစုံက
ဆွေးနွေးနေ ပါတယ် ဟု ၎င်းက ဆက်ပြောသည်။ လက်ရှိ အချိန်တွင် အိမ်ရာ
စီမံကိန်းများ ဖော်ဆောင်ရန် အတွက် အလုပ်ရှင် အလုပ်သမားများ၏ အချိုးကျ
ထည့်ဝင် ရမည့် လူမှုဖူလုံရေးကြေး များကို စဉ်ဆက်မပြတ် ရရှိမှု အပေါ်တွင်
မူတည်လျက် ရှိကြောင်း ကိုလည်း ဒေါ်ဝင်းမော်ထွန်း က ဆက်လက် ပြောကြားခဲ့သည်။
လူမှုဖူလုံရေး အဖွဲ့မှ ဖော်ဆောင်မည့် လူမှုဖူလုံရေး အိမ်ရာ စီမံကိန်းမှ
အိမ်ရာများ ၀ယ်ယူခွင့်ပုံစံသည် အိမ်ရာတန်ကြေး၏ (၃၀) ရာခိုင်နှုန်းကို
တစ်လုံးတည်း ပေးချေ ရမည် ဖြစ်ပြီး ကျန်(၇၀) ရာခိုင်နှုန်းကို ၀ယ်ယူမည့်
အလုပ်သမားများ၏ တစ်လတာ ၀င်ငွေမှ (၂၅) ရာခိုင်နှုန်းစီ လစဉ် ထည့်ဝင် ရမည်
ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဦးစီးဌာနမှ သိရသည်။
၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေ အရ ပြည်ထောင်စု အစိုးရ အဖွဲ့သည်
လူမှုဖူလုံရေး အိမ်ယာ စီမံကိန်းများကို အစိုးရ စီမံခန့်ခွဲသော မြေနေရာ
များတွင် ဖော်ဆောင်ပေး ရမည် ဖြစ်ပြီး ပြည်ထောင်စု ဘဏ္ဍာငွေမှ လိုအပ်သလို
ထောက်ပံ့ရယူ နိုင်ကြောင်း သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=32227
No comments:
Post a Comment