February 20, 2015

ဖုန်ကြားရှင်ကို ဖမ်းဆီး အပ်နှံပါက မြန်မာပြည်သူများ အမြင်ပြောင်းနိုင်မည်


        ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်သည် တရုတ်နိုင်ငံ ထဲတွင် ရှိလျှင် တရုတ် အစိုးရ အနေဖြင့် ဖမ်းဆီး၍ မြန်မာ အစိုးရထံ အပ်နှံပါက နောက်ကွယ် တွင် တရုတ်ပါဝင် ပတ်သက်သည် ဟူသော မြန်မာပြည်သူတို့၏ အမြင်ကို ပြောင်းလဲ နိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။  ဦးဖုန်ကြားရှင်က ရာဇ၀တ်သား ပုံစံ ဖြစ်နေပြီ။ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲဖို့ အတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်။ အကယ်၍ တရုတ်နိုင်ငံထဲမှာ ရှိနေတယ်၊ နယ်စပ်ဒေသ တွေမှာ ရှိနေတယ် ဆိုရင် သူ့ကို ဖမ်းဆီး ထိန်းသိမ်းပြီး မြန်မာနိုင်ငံကို ပြန်အပ်ဖို့ လိုတယ်။ ဒါဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ကြားမှာ ရှိနေတဲ့ တရုတ်က ထောက်ပံ့ ကူညီနေတယ် ဆိုတဲ့ အမြင်လည်း ပြောင်းသွားမယ်ဟု နိုင်ငံတော်သမ္မတရုံးမှ  ညွှန်ကြားရေးမှူး ဦးဇော်ဌေးက The Messenger Media  သို့ ပြောသည်။
         ဖုန်ကြားရှင်အား ပံ့ပိုး ကူညီနေ မှုသည် တရုတ် အစိုးရ၏ မူဝါဒ မဟုတ်ဘဲ တရုတ် အစိုးရသည် မဟာဗျူဟာ မိတ်ဖက်မှုဝါဒကို ချိုးဖောက်မည် မဟုတ်ဟု ယုံကြည်ကြောင်း၊ သို့သော် ဗဟို အစိုးရ မသိရှိသည်များ ရှိနိုင်ပြီး ဖုန်ကြားရှင်အား ကာကွယ်ပေး ထားသော အဖွဲ့အစည်းများရှိ နိုင်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ကို မတည်ငြိမ်အောင် ပြုလုပ်မှုများ ရှိနိုင်ကြောင်း၊ ဖုန်ကြားရှင်သည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ အထင်အမြင် လွဲမှားအောင် လုပ်နေခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။ ဖုန်ကြားရှင်နှင့် အပေါင်းအပါ များအား ကူညီနေသော အဖွဲ့အစည်းများ ရှိနေ သောကြောင့်၊ တရုတ် ဗဟို အစိုးရ ထံသို့ မြန်မာနိုင်ငံမှ အချက်အလက်များကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ပေးပို့ထားပြီး ဖြစ်ကြောင်း သမ္မတရုံးမှ သိရသည်။
       သေချာတာ ကတော့ ဖြစ်နေတဲ့ ကိုးကန့် အမည်ကို အခြား ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ ထောက်ပံ့နေ တယ်လို့ ပြောနေတာ ရှိတယ်။ အခု ပြည်သူက တပ်မတော်ဘက်က ပါလာတယ်။ NCCT ထဲမှာ ကိုးကန့်ဟာ ပါဝါ မရှိဘူး။ ထည့်ဖို့ မူဝါဒလည်း ချထားတာ မရှိဘူး ဟု မြန်မာ့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက The Messenger Media  သို့ ပြောသည်။
                ဖေဖော်ဝါရီလ (၉) ရက်နေ့က စတင် ဖြစ်ပွားခဲ့သော မြန်မာ့ တပ်မတော်နှင့် ကိုးကန့် ဖုန်ကြားရှင် တပ်ဖွဲ့၏ တိုက်ပွဲ များသည် ဆက်လက် ဖြစ်ပွားလျက် ရှိပြီး၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့၌ လောက်ကိုင်နှင့် ချင်းရွှေဟော် အကြားတွင်  ကြက်ခြေနီ ယာဉ်တန်းအား တိုက်ခိုက်ခဲ့ရာ  ကြက်ခြေနီ ၀န်ထမ်း နှစ်ဦး  ဒဏ်ရာရရှိခဲ့ သည်။
                လက်ရှိအချိန်တွင်  မြန်မာ အစိုးရသည် ကိုးကန့်ဒေသအား စစ်အုပ်ချုပ်ရေး ကြေညာ ထားသည်။  MNDAA ခေါ်  ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉  ခုနှစ်က မြန်မာအစိုးရ စစ်တပ်နှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလက မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊လက်နက် ထုတ်လုပ်မှု များကြောင့် မြန်မာ တပ်မတော်က ၀င်ရောက် တိုက်ခိုက်ခဲ့ရာ တစ်ဖက်နိုင်ငံ အတွင်း ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=32220

No comments:

Post a Comment