February 18, 2015

ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေး ကြေညာ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၂/၂၀၁၅ ထုတ်ပြန်၍ အခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ အထက်ပါစစ်အုပ်ချုပ်ရေး အမိန့်  ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အဆိုပါအမိန့်အရ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့်တာဝန်များ၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ အပ်နှင်းလိုက်ပြီဖြစ်သည်။
ထို့ကြောင့် ကာကွယ်ရေးဦးစီးချုပ်သည် အဆိုပါ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း (သို့မဟုတ်) သင့်လျော်သည့် စစ်ဘက်အာဏာပိုင် တစ်ဦးဦးအား ကျင့်သုံး ဆောင်ရွက်စေခြင်းတို့ပြုလုပ်နိုင်သည်။
နိုင်ငံတော်သမ္မတရုံးသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဖေဖော်ဝါရီ ၁၂ ရက်က ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ တားမြစ်မိန့်ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါဥပဒေဖြင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် အခြေခံဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)အရ အဆိုပါဒေသကို အမိန့်အမှတ် ၁/၂၀၁၅ ဖြင့် အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်သည်။
 အစိုးရသစ် လက်ထက် သက်တမ်းလေးနှစ်ကျော် ကာလအတွင်း နိုင်ငံအတွင်း ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သော်လည်း အရေးပေါ်အခြေအနေအထိသာ ကြေညာခဲ့ဖူးပြီး စစ်အုပ်ချုပ်ရေး ကြေညာရခြင်းမှာ ကိုးကန့်ဒေသသည် ပထမဆုံးဖြစ်သည်။
ကိုးကန့်ဒေသတွင် ယခုလ ၉ ရက်မှစ၍ ဖုန်ကြားရှင် ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
http://7daydaily.com/story/31976

No comments:

Post a Comment