February 5, 2015

ဆရာများ အဖွဲ့ချုပ်က ဆန္ဒပြ ကျောင်းသားများကို ကူညီမည်

မြန်မာနိုင်ငံ ဆရာများ အဖွဲ့ချုပ်သည် ပြည်သူ့ ၀န်ထမ်းများ ဖြစ်၍ သပိတ်စစ်ကြောင်း နှင့် မလိုက်နိုင် သော်လည်း ကျောင်းသား များကို ကူညီ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသုတက The Messenger Media သို့ ပြောသည်။
                 ကျွန်တော်တို့က ပြည်သူ့ ၀န်ထမ်းတွေ ဖြစ်တဲ့ အတွက် ကျောင်းသား သပိတ် စစ်ကြောင်းနဲ့တော့ မလိုက် ဖြစ်ဘူး။ ဒါပေမဲ့ ဆရာများ အဖွဲ့ချုပ် ရှိတဲ့ ဒေသတိုင်းမှာ ဆရာတွေ ကတော့ အနီးကပ် ၀န်းရံတာတွေ ရှိတယ်။ ကျွန်တော်တို့က စာသင်ချိန်တွေ ရှိတဲ့ အတွက် လူကိုယ်တိုင် မသွား နိုင်ပေမယ့် နောက်ကနေ ကျောင်းသားတွေကို ကူညီသွား မှာပါ ဟု ဦးသုတက ပြောသည်။ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနှင့် NNER ကိုယ်စားလှယ် များပါဝင်သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲအား ဖေဖော်ဝါရီလ (၁၂) ရက်နေ့ နောက်ပိုင်းသို့  ရွှေ့ဆိုင်း လိုက်ခြင်းသည် အစိုးရဘက်မှ ကတိ ဖောက်ဖျက်ခြင်း ဖြစ်ကြောင်း ဆရာများ အဖွဲ့ချုပ်မှ တာဝန်ရှိသူ များက ဆိုသည်။
            သဘောတူညီမှု ယူထားတုန်းက နှစ်ဖက် ဆွေးနွေး ပြီးတိုင်း ကြေညာချက် ထုတ်ပြီး ပြည်သူကို ချပြမယ်။ အခုဟာက တစ်ဖက်သတ် ဆွေးနွေးပွဲ ကို ရက်ရွှေ့တယ် ဆိုတာ အစိုးရဘက်က ကတိဖျက်တာ ဖြစ်တယ်။ ဒါမျိုးက မလုပ်သင့်ဘူး။ ကိုယ်က အစိုးရ အဖွဲ့ ဆိုတော့ ပိုပြီး ကတိတည် ရတယ်။ ပြည်သူကို ကြည့်ရတယ်။ ပြည်သူ လေးစားအောင် နေရတယ်။ သူတို့ ပြောင်းချင်သလို တစ်ဖက်သတ် ပြောင်းသွားတယ် ဆိုတာ ကျောင်းသား တွေရဲ့ လှုပ်ရှားမှုကို ဂရုမစိုက်ဘူး၊ စိန်ခေါ်လိုက်တဲ့ သဘော သက်ရောက်တယ် ဟု မြန်မာနိုင်ငံ ဆရာများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသုတက The Messenger Media သို့ ပြောသည်။
                ဆရာများ အဖွဲ့ချုပ် အနေဖြင့် အမျိုးသား ပညာရေး ဥပဒေကြမ်းအား အတည်မပြုခင် အချိန် ကတည်းက ကန့်ကွက်ခဲ့ပြီး ကျောင်းသားများ နှင့် တစ်သားတည်းရှိ ခဲ့ကြောင်း၊ ကျောင်းသားများ၏ သပိတ်မှောက် လှုပ်ရှားမှု များ ကိုလည်း ၀န်းရံပေးခြင်း၊ ထောက်ခံခြင်း များ ပြုလုပ် ခဲ့ကြောင်း ဆရာများသမဂ္ဂ အဖွဲ့ ထံမှ သိရသည်။
On 5 February 2015

No comments:

Post a Comment