မြေယာ ကိစ္စ အရှုပ်အရှင်း များသည် နိုင်ငံအတွက် အရေးကြီးသည့် ကိစ္စ တစ်ရပ် ဖြစ်နေ သဖြင့် အဆိုပါ ကိစ္စ များကို နေ့ချင်း ညချင်း ရှင်း၍ မရ သောကြောင့် တောင်သူ လယ်သမားများ စိတ်ကို ခိုင်ခိုင်ထားပြီး ဆက်လက် ရုန်းကန်ကြရ ဦးမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီးတွင် လွှတ်တော်သို့ လာရောက် လေ့လာကြသည့် မန္တလေးတိုင်း ဒေသကြီးရှိ တောင်သူ လယ်သမား များနှင့် တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ခြင်း ဖြစ်သည်။ အခု နိုင်ငံတကာက လေ့လာ ထားတာ၊ မြန်မာ နိုင်ငံက စီးပွားရေး အရ တိုးတက်ဖို့ ဆိုရင် အရေးအကြီးဆုံး ကိစ္စက ဒီမြေ ပိုင်ဆိုင်မှု ကိစ္စပဲတဲ့။ အဲဒီဟာကို မဖြေးရှင်း သရွေ့ စိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာ နိုင်ငံက ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး အဲဒီတော့ ဒါဟာ နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ ကိစ္စ ဖြစ်တယ် ဟု ၎င်းက ဆက်ပြော သည်။
လယ်ယာမြေ ပြဿနာ များကို ဖြေရှင်းသည့် နေရာတွင် အပေးအယူလုပ် ရမည် ဖြစ်ကြောင်း၊ နှစ်ဖက်စလုံးမှ အပေးအယူ လုပ်သွားရန် အတွက် အဆင်သင့်ရှိ ရမည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် လယ်ယာမြေနှင့် ပတ်သက်၍ ပြဿနာတွေ မြောက်မြားစွာ ရှိကြောင်း၊ ရှုပ်ထွေးမှုများ စွာရှိနေပြီး တစ်တိုင်းပြည်လုံးတွင် လယ်ယာမြေ ပြဿနာမှာ မြန်မာနိုင်ငံ၏ အကြီးဆုံး ပြသနာ ဆိုသည်ကို နိုင်ငံတကာ မှလည်း အသိအမှတ်ပြု ထားကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
နိုင်ငံတကာ၏ လေ့လာချက်များ အရ မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေး တိုးတက်ရန် အတွက် မြေပိုင်ဆိုင်မှု ကိစ္စသည် အရေးကြီးဆုံး ဖြစ်ပြီး၊ NLD ပါတီ အနေဖြင့် ငွေကြေး အင်အား တောင့်တင်းသည့် အဖွဲ့အစည်း မဟုတ် သောကြောင့် လွယ်လွယ်ဖြင့် အကူအညီ မပေး နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အားလုံးကနေ ပြီးတော့ စုပေါင်းပြီး လုပ်ရင် ဘယ်လို ပုံစံနဲ့ ခက်ခဲတဲ့ ဒီအချိန်ကို ဖြတ်ကျော်မလဲ ဆိုတာ ကျွန်မတို့ စဉ်းစား ကြည့်မယ်၊ အားလုံး ၀ိုင်းပြီးတော့ ကြိုးစားမယ်။ တစ်ဖက် ကနေ ပြီးတော့ ဥပဒေ အရ တိကျတဲ့ အဖြေပေးမှ ရမယ်။ နောက်ဆုံး ကျတော့ တရားဥပဒေက ဆုံးဖြတ်ချက် မပေး မချင်း ဒီကိစ္စတွေက ပြီးမှာ မဟုတ်ဘူး ဟု ဒေါ်အောင်ဆန်းစုကြည် ဆက်ပြောသည်။ မြန်မာနိုင်ငံ၌ လယ်ယာမြေ ပြဿနာ များကို ဖြေရှင်းသည့် နေရာ တွင် နှစ်ဖက်စလုံးက အပေးအယူ လုပ်ရမည် ဖြစ်သောကြောင့် အဆင်သင့်ရှိ ရမည်ဟု ၎င်းက ထပ်မံ ပြောဆိုသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31271
No comments:
Post a Comment