February 5, 2015

ဧရာဝတီ စစ်ကြောင်းမှ သပိတ်မှောက် ကျောင်းသား များ၏ မိဘများကို ၀န်ကြီးချုပ်နှင့် တွေ့ဆုံရန် အကြောင်းကြားထား

ဧရာဝတီ စစ်ကြောင်းမှ သပိတ်မှောက် ကျောင်းသား များ၏ မိဘများကို ယနေ့ နံနက်တွင် ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် လာရောက် တွေ့ဆုံရန် ဧရာဝတီ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ တာဝန် ရှိသူ များက ဆက်သွယ် အကြောင်းကြား ထားကြောင်း သတင်း ရရှိသည်။ ကျွန်မ အမေကို လာတွေ့ဖို့ ခေါ်ထား တယ်။ ဘာဖြစ်မလဲ မသိဘူး၊ စာမေးပွဲ မဖြေရ မှာတော့ စိုးရိမ်တယ်။ မိဘတွေ စိတ်ဆင်းရဲမှာ စိုးလို့ ဟု အဆိုပါ သပိတ်စစ်ကြောင်းမှ ကျောင်းသူ တစ်ဦးက The Messenger Media သို့ ပြောသည်။
                       ယင်းအပြင် ဧရာဝတီစစ်ကြောင်းမှ ဒီမိုကရေစီ ပညာရေး သပိတ်မှောက် ကျောင်းသား များအား ကျောင်းကုန်း မြို့နယ် ရဲတပ်ဖွဲ့မှူး ၀င်းအောင်က ဥပဒေ အရ ပုဒ်မ (၁၈) ဖြင့် အရေးယူ နိုင်ကြောင်း သတိပေး ပြောဆိုမှုများလည်း ရှိသည်။ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့ (၅း၃၀) နာရီအချိန် သပိတ်မှောက် ကျောင်းသားများ ချီတက် လာစဉ် ကျောင်းကုန်း မြို့နယ် အ၀င်တွင် ယင်းကဲ့သို့ သတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။
                          (၃၀) ရက်နေ့ သပိတ် စစ်ကြောင်း စချီတက် ကတည်းက ကျွန်တော်တို့ ဧရာဝတီ တိုင်းအစိုးရနဲ့ သဘော တူညီမှု ယူခဲ့ပါတယ်။ ကျွန်တော်တို့ကို တံခါးတွေ မချိုးပါနဲ့၊ တံတိုင်းတွေ မဖြိုပါနဲ့၊ အလံတွေ မီးမရှို့ပါနဲ့။ ဒါဆိုရင် သူတို့ဘက် ကလည်း ပုဒ်မ (၁၈)နဲ့ အရေးမယူပါ ဘူးလို့ ကတိပေးခဲ့လို့ ကျွန်တော်တို့ လူကြီးစကားကို ယုံပြီး ဒီအထိ ရောက်လာ တာပါ။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ ပုဒ်မ (၁၈) အတွက် လုံးဝ စာတင်ဖို့ အစီအစဉ် မရှိပါဘူးလို့ ပြတ်ပြတ်သားသား ပြောပါချင်တယ် ဟု ဧရာဝတီ ကျောင်းသား သပိတ် စစ်ကြောင်းမှ ဦးဆောင် ကော်မတီဝင် ဆရာ ဦးဝေယံအောင် က ပြောသည်။
                          ရဲမှူး ၀င်းအောင် ကလည်း မိမိတို့ အနေဖြင့် တာဝန်အရ အသိပေးခြင်း ဖြစ်ကြောင်း၊ ကျန်းမာပါစေဟု ဆုတောင်းကြောင်း ပြန်လည် ပြောဆိုခဲ့သည်။ သပိတ် စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများအား ကျောင်းကုန်း ဒေသခံ များက လက်ချင်းယှက် စီတန်းကာ လိုက်ပါ အားပေး ခဲ့သည်။ ဇန်န၀ါရီလ (၃၀) ရက်နေ့ ကလည်း ပုသိမ်မြို့တွင် ကျောင်းသားများ သပိတ်မှောက် ဆန္ဒ ထုတ်ဖော်ခြင်းအား ပုဒ်မ (၁၈) ဖြင့် အရေးယူ နိုင်ကြောင်း ပုသိမ် မြို့နယ်ရဲမှူး ဦးကျော်စိုးက သတိပေးခဲ့သည်။
                            ဧရာဝတီ ပညာရေး သပိတ်မှောက် စစ်ကြောင်းတွင် ပုသိမ် နည်းပညာ ကောလိပ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ၀ိဇ္ဇာ သိပ္ပံ တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ၊ မအူပင် တက္ကသိုလ်နှင့် ဖျာပုံ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ ပါဝင်ပြီး ရန်ကုန်မြို့သို့ ချီတက်နေ ကြခြင်းဖြစ် သည်။ အဆိုပါ သပိတ် စစ်ကြောင်းသည် ယမန်နေ့ နံနက်က ကျောင်းကုန်းမြို့မှ ချီတက် လာပြီး၊ ညနေ (၇း၃၀) နာရီ အထိ ကျောင်းကုန်း မြို့အတွင်း၌ သပိတ်မှောက် ဆန္ဒပြခဲ့ကြရာ ကျောင်းကုန်းမြို့မှ ပြည်သူ  (၁၅၀၀) ခန့်က ကြိုဆိုခဲ့ ကြသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31275

No comments:

Post a Comment