February 20, 2015

အရေးအခင်းများကြောင့် ကျောင်းထုတ် ခံရသော ကျောင်းသားများ မိခင် တက္ကသိုလ်သို့ ပြန်တက်ခွင့်ရမည်

မင်းသူအောင်
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၃
              လေးပွင့်ဆိုင် ဆွေးနွေးပွဲ သဘော တူညီချက်အရ ကျောင်းသား အရေးအခင်း များကြောင့် ကျောင်းထုတ် ခံခဲ့ရသော ကျောင်းသားများ အနေဖြင့် ယခင် တက်ရောက်ခဲ့သော မိခင် တက္ကသိုလ်သို့ ပြန်တက် ခွင့်ရမည် ဖြစ်ကြောင်း သိရသည်။
             ““ ကျွန်မတို့ မူရင်း တောင်းဆိုတဲ့ ကျောင်းသား အရေးအခင်းတွေကြောင့် ကျောင်းထုတ် ခံခဲ့ရတဲ့ ကျောင်းသားတွေ မိခင် တက္ကသိုလ်ကို ပြန်တက်ခွင့်ရရေး အပြင်၊ ၀န်ကြီးဌာနက သတ်မှတ်ထားတဲ့ ကျောင်း နှစ်နှစ် မတက်ခဲ့တဲ့ ကျောင်းသားတွေ မည်သူ့ကိုမဆို၊ မည်သည့် အကြောင်းပြချက်နဲ့မဆို ထုတ်ပယ်တယ် ဆိုတဲ့ ပြဋ္ဌာန်းချက်ကိုလည်း ပြင်ဆင် နိုင်ခဲ့ပါတယ်”” ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီမှ မဖြိုးဖြိုးအောင်က ပြောသည်။
              ထို့အပြင် တက္ကသိုလ်များတွင် တက္ကသိုလ် တက်ရောက်ခွင့် အသက် ကန့်သတ်ချက် များကိုလည်း လေးပွင့်ဆိုင် တွေ့ဆုံပွဲတွင် ဆွေးနွေး၍ ပယ်ဖျက် နိုင်ခဲ့ကြောင်းလည်း သိရသည်။
              ကျောင်းသား အရေးအခင်း လှုပ်ရှားမှုများကြောင့် ကျောင်းထုတ် ခံခဲ့ရသော ကျောင်းသားများကို ယခင်က အဝေးသင် တက္ကသိုလ်များ၌သာ တက်ရောက် ခွင့်ပြုခဲ့ကြောင်း ကျောင်းသား အရေးအခင်း များကြောင့် ကျောင်းထုတ် ခံထားရသည့် ကျောင်းသားများထံမှ သိရသည်။
            ““ကျောင်းသားတွေက တိုင်းပြည် အတွက်၊ ကိုယ်ယုံကြည်ရာ ယုံကြည်ချက် အတွက် အချိန်တွေ ပေးဆပ်ခဲ့တာ ရှိတယ်။ ဘ၀တွေ ပေးဆပ်ခဲ့တာ ရှိတယ်။ သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ ပညာရေးတွေ အတွက် ဖြည့်ဆည်း ပေးတယ်ဆိုတော့ ဘာပဲပြောပြော၊ ကိုယ့်တိုင်းပြည် အတွက်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက်၊ ယုံကြည်မှု ပြန်လည် တည်ဆောက်ချိန်မှာ အုတ်မြစ် တစ်ခုချနိုင်တယ်လို့ ပြောလို့ရတယ်”” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုစိုးထွန်းက The Messenger Media သို့ပြောသည်။
             မြန်မာနိုင်ငံတွင် ကျောင်းသား အရေးအခင်း များကြောင့် ကျောင်းထုတ် ခံခဲ့ရသော ကျောင်းသားများနှင့် ကျောင်း ပြီးဆုံးအောင် တက်ခွင့်မရသဖြင့် ဘွဲ့မရသော ကျောင်းသားအရေး လှုပ်ရှားသူများစွာ ရှိနေ သည်။ ၎င်းတို့သည် စစ်အစိုးရ လက်ထက်တွင် ပညာ ဆက်လက် သင်ကြားခွင့် မရဘဲ နစ်နာခဲ့ကြသူများ ဖြစ်သည်။
              ထို့အပြင် ကျောင်းသားဟူသော အဓိပ္ပာယ် သတ်မှတ်ချက်နှင့် ပတ်သက်၍လည်း အစိုးရဘက်မှ ကျောင်းတက်နေဆဲ ကျောင်းသားများကိုသာ ကျောင်းသားဟု သတ်မှတ်ပြီး ကျောင်းသားဟောင်းများ ဘက်ကမူ ကျောင်းသား အရေးများကြောင့် ကျောင်း ပြီးဆုံးအောင် တက်ခွင့်မရသော ကျောင်းသားများကိုလည်း ကျောင်းသားဟု သတ်မှတ်သင့်ကြောင့် အမြင် ကွဲပြားမှုများ ရှိနေသည်။
              မြန်မာနိုင်ငံတွင် ၀န်ကြီးဌာန အသီးသီး လက်အောက်၌ တက္ကသိုလ်၊ ကောလိပ် စုစုပေါင်း (၁၆၉) ခုရှိသည်။ အဆိုပါ တက္ကသိုလ်များ အနက် ကာကွယ်ရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ သာသနာရေး ၀န်ကြီးဌာနနှင့် ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များမှ အပ ကျန်တက္ကသိုလ်များကို လက်ရှိ ပြဋ္ဌာန်းထားသော အမျိုးသား ပညာရေး ဥပဒေအရ ၀န်ကြီးဌာနများ၏ လက်အောက်တွင် ထားရှိတော့မည် မဟုတ်ဘဲ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ပြုရန် အစိုးရဘက်မှ စီစဉ်နေသည်။
                တက္ကသိုလ် တက်နေသော ကျောင်းသား ကျောင်းသူ စုစုပေါင်း နှစ်စဉ် လေးသိန်းမှ ငါးသိန်း အထိ ရှိရာ အဝေးသင် တက္ကသိုလ် တက်နေသော ကျောင်းသား၊ ကျောင်းသူပေါင်း နှစ်သိန်းခွဲမှ သုံးသိန်း အထိ ရှိကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=32120

No comments:

Post a Comment